Myanmar Digital News

Grand Hlaing Thar Yar တန်ဖိုးသင့်အိမ်ရာ စီမံကိန်းဖွင့်ပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် MYANMAR ART COMPANY LIMITED တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် Grand Hlaing Thar Yar တန်ဖိုးသင့် အိမ်ရာစီမံကိန်းဖွင့်ပွဲနှင့် အခန်းအပ်နှံခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ဗိုလ်အောင်ကျော်လမ်းနှင့် ကျန်စစ်သားလမ်းကြား ပေါင်းကူးလမ်းရှိ အဆိုပါဝင်းအတွင်း၌ ကျင်းပသည်။

 

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အမှာစကား ပြောကြားပြီး Myanmar Art Construction And Develo-pment Co.,Ltd. ၏ Managing Director ဦးကျော်စွာဟိန်းက စီမံကိန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်တို့က အိမ်ရာစီမံကိန်းတွင် နေရာချထားမည့် အခန်းပိုင်ရှင်များအား နေထိုင်ခွင့် လက်မှတ်များနှင့် အခန်းသော့များကို ပေးအပ်သည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စည်ပင်သာယာရေးဝန်ကြီးနှင့် Myanmar Art Construction And Develop-ment Co.,Ltd. ၏ Managing Director တို့က Grand Hlaing Thar Yar တန်ဖိုးသင့်အိမ်ရာစီမံကိန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက Grand Hlaing Thar Yar တန်ဖိုးသင့်အိမ်ရာစီမံကိန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

ဆက်လက်၍ AYA BANK MYANMAR WOMEN’S FUTSAL LEAGUE 2026-2027 ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၁၁ နာရီခွဲက ရန်ကုန်မြို့ MFF Futsal Stadium သုဝဏ္ဏတွင် ကျင်းပရာ AYA BANK MYANMAR WOMEN’S FUTSAL LEAGUE 2026-2027 ပြိုင်ပွဲဖွင့်ပွဲ ယှဉ်ပြိုင်ကစားမည့်အသင်းများက နေရာယူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပြိုင်ပွဲဝင်အသင်း ၁၀ သင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို တာဝန်ရှိသူများထံ ပေးအပ်သည်။

 

ယင်းနောက် AYA BANK မှ တာဝန်ရှိသူက ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ ဖူဆယ်နှင့် သဲသောင်ပြင် ဘောလုံးကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်က လက်ခံရယူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပထမပွဲစဉ် YRG FC အသင်းနှင့် ROYAL PANTRA FC အသင်းတို့၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News