Myanmar Digital News

အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် သက်မွေးပညာသင်တန်းကျောင်းများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၉

 

နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှု၊ စိုက်ပျိုးရေး၊ MSME ကဏ္ဍများအတွက် လိုအပ်သည့် နည်းပညာရှင်နှင့် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင် ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာကောလိပ်များ၊ အစိုးရ စက်မှုလက်မှုသိပ္ပံများ၊ အစိုးရ နည်းပညာအထက်တန်း ကျောင်းများ၊ သက်မွေးပညာ သင်တန်းကျောင်းများ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင် ကောလိပ်/သိပ္ပံများနှင့် Naypyitaw Polytechnic Institute တို့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အစိုးရစက်မှု လက်မှုသိပ္ပံ (နေပြည်တော်) အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာ နေခြည်လဲ့လဲ့သိန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက စက်မှုလက်မှုလုပ်ငန်းများ၊ လယ်ယာစိုက်ပျိုးရေးနှင့် MSME  လုပ်ငန်းများ၏ လိုအပ်ချက်များနှင့်ကိုက်ညီသည့် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့်လည်း မိမိတို့၏ သက်ဆိုင်ရာပညာရပ် နယ်ပယ်များတွင် ကျွမ်းကျင် တတ်မြောက်မှုရှိစေရန်နှင့် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသော နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူကာ သင်ကြားသင်ယူမှု လုပ်ငန်းစဉ်များတွင် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာ နေခြည်လဲ့လဲ့သိန်းက နည်းပညာနှင့် သက်မွေးပညာရေး ကဏ္ဍကို လက်တွေ့အသုံးချနိုင်သည့် ကျွမ်းကျင်မှုများအပေါ် အခြေခံ၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်နှင့် ဒေသတွင်း အလုပ်အကိုင်လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရေး စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်မှု၊ သင်တန်းများ၏ သင်ရိုးညွှန်းတမ်းနှင့် သင်ကြား လေ့ကျင့်မှုများသည် လုပ်ငန်းခွင်၏ လက်တွေ့လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရေး၊ လုပ်ငန်းခွင်၌ အမှန်တကယ် အသုံးချနိုင်သည့် ကျွမ်းကျင်မှုများ ရရှိစေရေး အလေးထား ဆောင်ရွက်ရန် လိုအပ်မှု၊ ယင်းလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် ဆရာ၊ ဆရာမ များ၏ အရည်အသွေးနှင့် ကျွမ်းကျင်မှုများ အဓိကကျမှု၊ ဘာသာရပ် နယ်ပယ်များတွင် သီအိုရီပိုင်းသာမက လက်တွေ့ လုပ်ငန်းခွင်၌ အသုံးချနိုင်သည့် ကျွမ်းကျင်မှုများပါ ပြည့်ဝစေရေး၊ ခေတ်မီနည်းပညာများနှင့် အညီ မိမိတို့၏ လက်တွေ့ကျွမ်းကျင်မှုများကို စဉ်ဆက်မပြတ် မြှင့်တင် လေ့လာဆောင်ရွက်ကြရန် လိုအပ် မှုအခြေအနေများကို ရှင်းလင်းပြီး ယခုအစည်းအဝေး၏ ဆွေးနွေး ညှိနှိုင်းချက်များအပေါ် အခြေခံ၍ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းအစီအစဉ်များ ချမှတ် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

 

ယင်းနောက် ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများမှ ကျောင်းအုပ်ကြီးများက မိမိတို့၏ သက်ဆိုင်ရာ ကျောင်းများတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ သင်ကြား သင်ယူမှုဆိုင်ရာ ကိစ္စရပ်များ၊ လိုအပ်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြရာ တာဝန် ရှိသူများက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

 

အဆိုပါ ကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် သက်မွေးပညာသင်တန်း ကျောင်းများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၉ ရက် မှ ၁၀ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News