Voice of Myanmar

ဂျာမနီသံရုံး ယာယီတာဝန်ခံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူသတိပေးတာခံရ

နိုဝင်ဘာ ၁၀ ၊ ၂၀၂၆

CC (VOM)

ဦးဝင်းမြင့်ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ရုပ်သံရိုက်ကူးပြီး ထုတ်လွှင့်ခဲ့တဲ့ ရန်ကုန်မြို့ရှိ ဂျာမနီသံရုံး ယာယီတာဝန်ခံ မစ္စတာ မာသီးရက်စ် လေရှာ့စ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ဒီနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ခေါ်ယူသတိပေးခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဦးဝင်းမြင့်ရဲ့ တာမွေက နေအိမ်ရှေ့မှာ ရိုက်ကူးခဲ့တဲ့ အဆိုပါ ရုပ်သံဖိုင်မှာ ” ဦးဝင်းမြင့်နဲ့တွေ့ဖို့ ခွင့်ပြုချက်လိုအပ်တယ်လို့ နေပြည်တော်ဘက်က ကျွန်တော့်ကိုပြောတယ်။ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခဲ့တာ ဒီအချိန်ခြောက်လကျော်ကြာခဲ့ပေမယ့် အခုချိန်ထိ ကျွန်တော်ခွင့်ပြုချက်မရသေးပါဘူး။ ဒီအချိန်မှာကောက်ချက်ချနိုင်တာတခုက ဦးဝင်းမြင့်အမှန်တကယ်မလွတ်လပ်သေးပါဘူး။ သူတွေ့ချင်တဲ့သူနဲ့လွတ်လပ်စွာတွေ့မရှိသလို တခြားသူတွေနဲ့လည်း လွတ်လပ်စွာဆက်သွယ်ပြောဆိုခွင့်မရှိပါဘူး ” ဆိုပြီးမစ္စတာ မာသီးရက်စ် လေရှာ့စ် ပြောထားပြီး၊ ဂျာမနီသံရုံး ရဲ့စာမျက်နာကနေ ထုတ်ပြန်ခဲ့တာပါ။

ရုပ်သံဖိုင်ကို နိုဝင်ဘာ ၈ ရက်က ဂျာမနီသံရုံး စာမျက်နှာမှာ ထုတ်လွှင့်ခဲ့ပြီး ဦးဝင်းမြင့်အနေနဲ့ ဧည့်သည်တွေကို လွတ်လွတ်လပ်လပ် လက်ခံတွေ့ဆုံခွင့်နဲ့ အခြားသူတွေနဲ့ အကန့်အသတ်မရှိ ဆက်သွယ်ပြောဆိုခွင့် အမှန်တကယ် ရရှိနေခြင်း ရှိ၊ မရှိ အပေါ် စိုးရိမ်ပူပန်မှုတွေ ဆက်လက်ရှိနေတယ်လို့ သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို သံရုံးယာယီ တာဝန်ခံရဲ့ ပြောကြားချက်က အိမ်ရှင်နိုင်ငံရဲ့ နိုင်ငံတော်အကြီးအကဲကို တိုက်ရိုက်စော်ကားရာ ရောက်တဲ့အပြင် သံရုံးယာယီတာဝန်ခံအနေနဲ ဗီဒီယိုရိုက်ကူးတဲ့နေရာရွေးချယ်မှုအပါ အဝင် ရည်ရွယ်ချက်ရှိရှိဖြင့် ပြုမူပြောဆိုဆောင်ရွက်မှုဟာ အိမ်ရှင်နိုင်ငံနဲ့ နိုင်ငံတော်အစိုးရ အပေါ်အတိုက်အခံပြုရန် အားပေးအားမြှောက် ပြုလုပ်နေတဲ့အသွင်တွေ့ရပြီး ပြည်တွင်းမငြိမ် သက်မှုဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေရန် အားပေးလှုံ့ဆော်ရာရောက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။

သံရုံးယာယီတာဝန်ခံအနေနဲ့ ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတ အဖြစ်သဘောထားပြီး လက်ရှိအစိုးရနဲ့ လက်တွဲဆောင်ရွက်လိုခြင်းမရှိဘဲ မြန်မာနိုင်ငံမှာ ဆက်လက်တာဝန်ထမ်းဆောင်ခြင်း မပြုလိုပါက တားမြစ်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အလားတူလုပ်ရပ်မျိုး ထပ်မံလုပ်ဆောင်ခြင်းမပြုဖို့ ပြင်းထန်စွာ သတိပေးလိုက်ပြီး လုပ်ဆောင်မယ်ဆိုပါက အိမ်ရှင်နိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် သံတမန်ရေးရာအစဉ်အလာများနှင့်အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သံရုံး ယာယီတာဝန်ခံရဲ့ ပြောကြားချက်၊ ပြောကြားတဲ့နေရာကိုရွေးချယ်မှုနဲ့ ဆိုရှယ်မီဒီယာမှ တဆင့် အများပြည်သူကို ဖြန့်ဝေမှုဟာ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ ခွင့်ပြုချက် သို့မဟုတ် ၎င်းရဲ့ ကိုယ်ပိုင်သဘောဆန္ဒနဲ့ ဆောင်ရွက်သည်ဆိုတာကို တရားဝင်‌ဖြေရှင်း ချက်ပေးဖို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုထားတယ်လို့ ပါရှိတယ်။

လက်ရှိအထိတော့ ဂျာမနီသံရုံး ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဦးဝင်းမြင့်နဲ့ပတ်သက်ပြီး သံရုံးတာဝန်ခံ ပြောထားတဲ့ရုပ်သံဖိုင်ကို ဖြုတ်ချတာမျိုးမရှိသေးသလို နိုင်ငံခြားရေးဝန်ကြီးဌာနကို တရားဝင် ဖြေရှင်းချက် ပြန်လည်ထုတ်ပြန်တာမျိုးလည်း မတွေ့ရသေးပါဘူး။

Photo – နိုင်ငံခြားရေး ဝန်ကြီးဌာန။ ဂျာမနီသံရုံးလူမှုကွန်ရက်စာမျက်နှာ

#Voiceofmyanmar #VOM #ဂျာမနီသံရုံး #နိုင်ငံခြားရေးဝန်ကြီးဌာန #ဦးဝင်းမြင့်

မူရင်းသတင်း — Voice of Myanmar