Voice of Myanmar

ဈေးနှုန်းကြီးမြင့်‌နေတဲ့ ‌နိုင်ငံခြားဖြစ် ဆေးတွေကို၊ ကုမ္ပဏီတိုက်ရိုက်စျေးနဲ့ ရောင်းချပေးမယ်

ရန်ကုန်။ နိုဝင်ဘာ ၉-၂၀၂၆

EP(VOM)

နိုင်ငံခြားဖြစ် ဆေးဝါးတွေဈေးနှုန်းမတည်မငြိမ် ဖြစ်နေမှု‌တွေကြောင့် လူသုံးများတဲ့ ဆေးဝါး ၉၀၀ ကျော်ကို နေပြည်တော်မှာ ကုမ္ပဏီ တိုက်ရိုက်ဈေးနဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ဆေးနဲ့ ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်းကနေ၊ နေပြည်တော် အနီးရှိ ပျဉ်းမနားမြို့နယ် မေခန်းမမှာ၊ နိုဝင်ဘာ ၉ ရက်နေ့က စ လို့၊ နိုဝင်ဘာ ၁၃ ရက်နေ့အထိ လေးရက်ကြာ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ရောင်းချမယ့် ဆေးဝါးပေါင်း ၉၅၃ မျိုးရှိပြီး၊ အများစု ရောင်းချမယ်ဆေးတွေကတော့ ဆီးချို ၊သွေးတိုး၊ နှလုံးရောဂါ ၊ အစာအိမ်နဲ့ အူလမ်း ကြောင်း ဆိုင်ရာကုသတဲ့ဆေး၊ ဆီး နဲ့ ကျောက်ကပ်ရောဂါအတွက်ဆေး တို့ ဖြစ်ပါတယ်။

ဒါအပြင် အအေးမိ နှာစေး ၊ ဖျားနာ ၊ အကိုက်ခဲ ပျောက်ဆေးဝါးများ ၊ ချောင်းဆိုး ၊ ရင်ကျပ် ၊ အဆုပ်ရောဂါ ကုသဆေးဝါးများ ၊ အရိုး အဆစ် အားဆေး၊ ကိုယ်ဝန်ဆောင် နဲ့ ကလေး အားဆေး၊ ဝမ်းဖောဝမ်းရောင် ရောဂါကုသဆေးတွေ ပါဝင်ပါတယ်။

ဒါ့အပြင် လေထိုး လေအောင့် ကုသဆေးများ ၊ အရေပြားယားနာလိမ်းဆေး ၊ မှိုပိုးသတ်ဆေး၊ ပဋိဇီဝပိုးသတ်ဆေး၊ အမျိုးသားရောဂါ ကုသဆေး၊ သွေးတွင်း အဆီကျဆေး၊ ပိုးသတ်ဆေး၊ ဓါတ်ဆား ၊ ပရုဆီတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

“ဆေးတွေဝယ်ရတာ ဈေးကြီးပါတယ်။ တစ်လနဲ့ တစ်လ မတူဘူး။ ရန်ကုန်မှာလည်း နေပြည်တော်မှာလို့ ရောင်းချပေးစေချင်တယ်” လို့ နှလုံးရောဂါဆေး ပုံမှန်သောက်နေရသူ ကိုလတ်က ပြောပါတယ်။

လက်ရှိ ပြည်တွင်း ဆေးဝါးဈေးကွက်အတွင်းမှာ နိုင်ငံခြားဖြစ် အခြေခံဆေးဝါးတွေနဲ့ နာတာ ရှည်ရောဂါသုံး ဆေးဝါးတွေဟာ အောက်တိုဘာ လကုန်ပိုင်းက စတင် ပြတ်လပ်ခဲ့ပြီး ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနေခဲ့ပါတယ်။

ရန်ကုန် အပါအဝင် မြို့ကြီးတွေရှိ ဆေးဆိုင်တွေမှာ သွေးတိုး၊ ဆီးချို၊ နှလုံးနဲ့ ကျောက်ကပ်ရောဂါသုံး အရေးကြီး ဆေးဝါးတချို့ကို လိုသလောက် ဝယ်ယူလို့မရနိုင်တော့ဘဲ တချို့ ဆေးဆိုင်ကြီးတွေမှာ ဆရာဝန်ဆေးညွှန်းစာ ပါမှသာ အကန့်အသတ်နဲ့ ရောင်းချပေးနေရတဲ့ အခြေအနေအထိ ဖြစ်ခဲ့ပါတယ်။

ဆေးဝါးနဲ့ ဆေးပစ္စည်းတွေကို ပြည်ပမှ အဓိက တင်သွင်းနေရတာဖြစ်ပြီး၊ နိုင်ငံအတွင်း ဒေါ်လာဈေး မြင့်တက်ခြင်းနဲ့ ဒေါ်လာရှားပါးမှု ပြဿနာတွေကြောင့် စျေးကွက်အတွင်း လိုအပ်တဲ့ ပမာဏအတိုင်း ငွေပေးချေ တင်သွင်းနိုင်ဖို့ ခက်ခဲနေတယ်လို့ ဆေးဝါးကုန်သည်တွေ ဆိုကြပါတယ်။

Photo – freepick

မူရင်းသတင်း — Voice of Myanmar