
ပြင်သစ်နိုင်ငံမှာ စီးပွားရေးလုပ်ငန်း ၇၀၀ လောက်ရဲ့ ရေခဲသေတ္တာစနစ်တွေ ဆိုက်ဘာတိုက်ခိုက်ခံရပြီး အစားအသောက်တွေ ပျက်စီးဆုံးရှုံးကာ စက်ပစ္စည်းတွေ ထိခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) နဲ့ ဆက်စပ်နေတဲ့ ဆိုက်ဘာတပ်ဖွဲ့ကို ပြင်သစ်အစိုးရက စွပ်စွဲလိုက်ပါတယ်။ အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုတွေကြောင့် စူပါမားကတ်တွေနဲ့ အစားအသောက်လုပ်ငန်းတွေ အများအပြား ထိခိုက်ခဲ့ရပြီး ရေခဲသေတ္တာစက်တွေ အပူလွန်ကဲကာ မီးလောင်မှု ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

ပြင်သစ် ထောက်လှမ်းရေးနဲ့ ဆိုက်ဘာလုံခြုံရေးအေဂျင်စီတွေရဲ့ ပူးတွဲအစီရင်ခံစာအရ အဲဒီတိုက်ခိုက်မှုတွေကို အီရန်တော်လှန်ရေးအစောင့်တပ်နဲ့ ဆက်စပ်နေတဲ့ Shahid Kaveh ဆိုတဲ့ ဆိုက်ဘာတပ်ဖွဲ့က ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noël Barrot က နိုဝင်ဘာလ ၉ ရက်နေ့မှာ အီရန်သံအမတ်ကို ဆင့်ခေါ်ခဲ့ပြီး ဥရောပသမဂ္ဂ (EU) အနေနဲ့ အီရန်အပေါ် ထပ်တိုးပိတ်ဆို့အရေးယူမှုတွေ ချမှတ်သွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ ပြင်သစ်အစိုးရရှေ့နေတွေကလည်း ကျူးလွန်သူ ၃ ဦးကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုထားပါတယ်။

ဒီလိုမျိုး ရေခဲသေတ္တာစနစ်တွေနဲ့ ပတ်သက်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ နိုဝင်ဘာလအစောပိုင်းမှာ ဥရောပတစ်လွှားက အခြားလုပ်ငန်းခွင် ၁၀၀ ကျော်အထိ ထပ်မံပျံ့နှံ့ခဲ့ပြီး ပြင်သစ် သွေးဘဏ်တွေလည်း ထိခိုက်ခဲ့ပါတယ်။ အမေရိကန် စစ်ဘက်ဆိုင်ရာ စခန်းတွေမှာလည်း ဩဂုတ်လက အလားတူ ပြဿနာတွေ ဖြစ်ပွားခဲ့ပါတယ်။ ဆိုက်ဘာလုံခြုံရေးပညာရှင်တွေရဲ့ အဆိုအရ ဒီတိုက်ခိုက်မှုတွေဟာ ဟက်ကာတွေရဲ့ အဆင့်မြင့်နည်းပညာကြောင့်ဆိုတာထက် အဝေးထိန်းစနစ်နဲ့ ချိတ်ဆက်ထားတဲ့ ရေခဲသေတ္တာစနစ်တွေရဲ့ လုံခြုံရေးအားနည်းချက်တွေနဲ့ ခေတ်မမီတော့တဲ့ နည်းပညာတွေကြောင့် ဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။
Ref : Nation Thailand