
James Gates လို့ခေါ်တဲ့ အမေရိကန်အမျိုးသားတစ်ဦးက သူ့ကိုအဆိပ်ခတ်သတ်ဖို့ ဇနီးဖြစ်သူအား အကြံပေးကူညီခဲ့တယ်လို့ စွပ်စွဲကာ ChatGPT ကို ဖန်တီးတဲ့ OpenAI ကုမ္ပဏီကို တရားစွဲဆိုလိုက်ပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ အချိုရည်သောက်ပြီးနောက် James ဟာ ရုတ်တရက် အပြင်းအထန် နေမကောင်းဖြစ်ခဲ့ပြီးနောက်မှာ အသက်အန္တရာယ်ရှိတဲ့ ဆေးဝါးနာမည်တွေ ရေးမှတ်ထားတဲ့ စာရွက်တစ်ရွက်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီစာရွက်ထဲမှာ ဆွေးနွေးပြောဆိုမှုတွေကို ဖျက်ပစ်ဖို့နဲ့ ChatGPT ကနေ ထွက်ဖို့ သတိပေးချက်တွေ ပါဝင်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုတွေအရ ဇနီးဖြစ်သူ Cheryl ဟာ လူသေစေနိုင်တဲ့ ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ChatGPT ကို အသုံးပြု ရှာဖွေခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ChatGPT က သူမရဲ့ အပြုအမူတွေကို တားဆီးမယ့်အစား အန္တရာယ်ရှိတဲ့ ဆေးဝါးတွေ တွက်ချက်ပုံနဲ့ အထောက်အထား ဖျောက်ဖျက်နည်းတွေကိုပါ အသေးစိတ် ရှင်းပြပေးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ဒါ့အပြင် ဆေးထိုးအပ်တွေနဲ့ သံသယဖြစ်ဖွယ် ပစ္စည်းတွေကိုလည်း သက်သေအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဧပြီလမှာတော့ ခိုင်လုံတဲ့ သက်သေအထောက်အထား မပြည့်စုံတာကြောင့် ဇနီးဖြစ်သူအပေါ် စွဲဆိုထားတဲ့ ပြစ်မှုဆိုင်ရာ အမှုတွေကို ရှေ့နေတွေက ရုပ်သိမ်းပေးခဲ့ပါတယ်။ ဒါပေမဲ့ James ကတော့ OpenAI ကို နစ်နာကြေးအတွက် ဆက်လက်တရားစွဲဆိုထားဆဲ ဖြစ်ပါတယ်။ OpenAI ဘက်ကတော့ လုံခြုံရေးဟာ သူတို့ရဲ့ အဓိက ဦးစားပေးဖြစ်တယ်လို့ တုံ့ပြန်ထားပြီး သက်ဆိုင်ရာ အကောင့်တွေကို ပိတ်ပင်ကာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းပါဝင်နေပါတယ်။
Ref : Khaosod