Voice of Myanmar

အယ်လ်နီညိုကြောင့် အချိန်အခါမဟုတ် မိုးဆက်တိုက်ရွာပြီး ရှမ်းတောင်နဲ့ ရှမ်းမြောက်မှာ ရေကြီးရေလျံ

နိုဝင်ဘာ ၁၀ ၊ ၂၀၂၆

GG (VOM)

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းက မြို့နယ်တချို့မှာ အယ်လ်နီညိုကြောင့် အချိန်အခါမဟုတ် မိုးဆက်တိုက်ရွာသွန်းလို့ ရေကြီးရေလျှံမှု ဖြစ်နေတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ အောင်ပန်းမြို့နဲ့ ကလောမြို့မှာဆိုရင် နိုဝင်ဘာ ၉ ရက်နေ့ကတည်း ဒီနေ့အထိ မိုးအဆက်မပြတ်ရွာနေတာကြောင့် ချောင်းရေတွေ မြင့်တက်ပြီး ရပ်ကွက်တွေနဲ့လမ်းမတွေ ရေကျော်နေပါတယ်။

ကလောမြို့မှာဆိုရင် ပလောင်စျေး အပြင် အမှတ် ၂ ရပ်ကွက် နဲ့ အမှတ် ၄ ရပ်ကွက် တွေမှာ ရေကြီးနေပြီး တောင်စောင်းတွေမှာ မြေသားနိမ့်ကျတာတွေ ဖြစ်နေပြီး၊ ကလော – တောင်ကြီးလမ်းမှာလည်း မြေသားပြိုကျလို့ လမ်းယာယီပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောင်ပန်းမြို့ အောက်စျေးအပါအဝင် လူနေရပ်ကွက်တွေထဲမှာပါ ရေတွေဝင်ရောက်နေသလို လွိုင်လင်မြို့နယ်မှာလည်း ရေကြီးရေလျှံတာတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်လင်မြို့နယ်မှာဆိုရင် ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့မိုးရွာသွန်းမှုက မိုးရေချိန်လက်မ ၃.၇၈ အထိရှိခဲ့ပြီး နှစ်ပေါင်း ၆၀ အတွင်း မိုးရေချိန် စံချိန်သစ်ဖြစ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

” အောင်ပန်း အောက်စျေး ရေအတက်မြန်တယ်။ဒီမနက်ပိုတက်လာတာ။ ကလောဘက်လည်း ရေတွေကြီးနေတယ်။ တောင်တွေလည်းပြိုတာရှိပေမယ့် အခုတော့ ရှင်းပြီးလို့ သွားလာရနေပါပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ပင်လုံ၊ ခိုလမ် ၊ မိုးနဲ နဲ့ လဲချားမြို့နယ်တွေမှာလည်း တောင်ကျရေတွေကြောင့် ရေကြီးနေပြီး စပါးခင်းတွေ ရေနစ်မြုပ်နေတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း. မိုးမိတ်မြို့မှာလည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံတာတွေ ရှိပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ နေရာကွက်ပြီး မိုးကြီးခဲ့ပြီး မနက်ဖြန် နိုဝင်ဘာ ၁၁ရက်နေ့ မနက်အထိ၊ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ် အပါအဝင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဆိုပါတယ်။

မိုးတိမ်တောင်တွေ ရွေ့လျားရာနေရာတလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက သတိပေး ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – ဒေသခံများ

မူရင်းသတင်း — Voice of Myanmar