
နိုဝင်ဘာ ၁၀ ၊ ၂၀၂၆
GG (VOM)
မိုးစပါးကို အခြေခံရည်ညွှန်းစပါးဈေးနှုန်းသတ်မှတ်လိုက်ပြီးနောက်၊ ပြည်တွင်းစပါးစျေးကွက်မှာ ကျပ်သိန်း ၂၀ အောက်အထိ ပြန်ကျသွားပြီး အဝယ်အေးသွားတယ်လို့ သိရပါတယ်။
အစိုဓာတ် (၁၄)% ရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ တတင်း၄၆ ပေါင်ကိုက် စပါးတင်းတရာကို၊ အခြေခံရည်ညွှန်းဈေးနှုန်း ဆယ့်သုံးသိန်း ငါးသောင်းကျပ် အဖြစ် သတ်မှတ်လိုက်တာပါ။
ဒါ့ကြောင့် သီတင်းကျွတ်ရုံးပိတ်ရက် အပြီးကတည်းက ကုန်သည်နဲ့ ပွဲစားတွေက စပါးစျေးကို ဆက်တိုက်စျေးချပြီး ဝယ်ယူလာနေတာ ဖြစ်ပါတယ်။
သီတင်းကျွတ် မတိုင်ခင်က ရိတ်ခြွေစက်ကျ စပါးပေါင် ၅၀ ရှိ တင်းတရာကို အနိမ့်ဆုံး ၂၁ သိန်း အထက်ရှိခဲ့ပေမယ့် အခုတော့ ၁၉ သိန်းကျပ်ဝန်းကျင်သာ စျေးရှိတယ်လို့ သိရပါတယ်။
” လက်ထဲမှာစပါးတွေက ပုံနေတယ်။သီတင်းကျွတ်ပိတ်ရက်ကခံသွားတော့ ဆန်တွေက ကြိတ်မရ ၊ ပွဲရုံတွေက ငွေချမပေး အဲဒီမှာ ငွေမလည်ပတ်နိုင်ဘူးဖြစ်သွားတယ်။ အဲဒီတော့စပါးစျေးက မကျဘဲ အေးသွားတယ်။ အခုက စျေးချဝယ်တော့ တချို့ဆို အဝယ်ပါခဏနားကြတယ် ” လို့ စပါးဝယ်ပြီး ကိုယ်တိုင်ကြိတ်ခွဲရောင်းချသူတယောက်က ပြောပါတယ်။
အယ်လ်နီညို အရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းလို့ စပါးကို အခြောက်လှန်းဖို့လည်းအဆင်မပြေတဲ့ အတွက် တောင်သူတွေမှာ ရရာစျေးနဲ့ပဲ ရောင်းချနေကြရလို့ စပါးတရာကို ငွေကျပ် တသိန်းခွဲမှ နှစ်သိန်းဝန်းကျင် ဆုံးရှုံးနစ်နာနေကြရပါတယ်လို့ ဆိုပါတယ်။
စပါးရောင်းချရာမှာလည်း ယုံကြည်မှုနဲ့ တပတ်ဆိုင်း ၊ ဆယ်ရက်ဆိုင်း အကြွေးစနစ်နဲ့ ရောင်းချရတာဖြစ်ပါတယ်။
“အခုဆို ၁၉ သိန်းပဲဝယ်တယ်။ ဒါတောင် စပါးသန့်မှ ဝယ်တယ်။ စျေးကျရင် စပါးသန့်မှစျေးပေးတယ်။စျေးတက်နေချိန်ဆိုရင် စပါးသန့်အသန့် သိပ်မရွေးဘူး အကုန်ယူတယ်” လို့ ပဲခူးတိုင်းက တောင်သူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မိုးစပါးပေါ်ချိန်၊ အခြေခံရည်ညွှန်းစျေးက ၁၁သိန်းခွဲဖြစ်ပြီး အပြင်စျေးကွက်ပေါက်စျေးက ၈ သိန်းခွဲ ၉သိန်း အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အခု သတ်မှတ်လိုက်တဲ့ ရည်ညွှန်းစျေး ဆိုတာကလည်း အခြေခံစျေး သတ်မှတ်ချက်သာဖြစ်ပြီး စျေးကွက်ပေါက်စျေးက ရည်ညွှန်းစျေးထက်မြင့်နေရင် ပေါက်စျေးအတိုင်းပဲ ဝယ်ယူရမယ်လို့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး၊ ဦးဆောင်အဖွဲ့က ဆိုထားပေမယ့်လည်း၊ ကုန်သည်နဲ့ပွဲစားတွေက စျေးချဝယ်ယူနေတာ လို့ ဆိုပါတယ်။
ဒီနှစ်မိုးစပါးမှာ တဧကကို ဓာတ်မြေဩဇာ သုံးစွဲမှု၊ စိုက်ပျိုးရေးဆေးသုံးစွဲမှုအပေါ်မူတည်ပြီး ၇၀၀၀၀၀ သိန်းကျပ်ကနေ ဆယ်သိန်းလောက်အထိကုန်ကျကာ တဧကကို စပါးတင်း ၅၀ မှ ၈၀ ကြား အများဆုံးထွက်ရှိပါတယ်။
ဓာတ်ပုံ – VOM