Voice of Myanmar

ဖိလစ်ပိုင်ကို ပြောင်းဆန် တန်ချိန်တသောင်း တင်ပို့မယ်

ရန်ကုန်။ နိုဝင်ဘာ ၉-၂၀၂၆

EP(VOM)

ဖိလစ်ပိုင်နိုင်ငံကို ပြောင်းဆန် တန်ချိန် တသောင်း တင်ပို့ဖို့ ရှိတာကြောင့် ပြည်တွင်းပြောင်းဆန်စျေးကွက် ပြန်တက်လာနေတယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များ အသင်းက ပြောပါတယ်။

နိုဝင်ဘာလအတွင်း ဖိလစ်နိုင်ငံကို ပြောင်းတန်ချိန် တသောင်းထိ တင်ပို့ဖို့ရှိတာကြောင့် ပြောင်းဆန်စျေးကွက် ပြန်လည် လှုပ်ရှားလာတယ်လို့ အသင်းတာဝန်ရှိသူတဦးက ဆိုပါတယ်။

ပြောင်းဆန်စျေး တဟုန်ထိုးကျမသွားအောင်လို့ ပြည်ပ ဝယ်လက်တွေနဲ့ ဆွေးနွေးခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။

မြန်မာက ပြည်ပကို တင်ပို့နေတဲ့ ပြောင်းဟာ စိုထိုင်းဆ ၁၄ ရှိတဲ့ပြောင်းဆန်တွေဖြစ်ပြီး တိရိစ္ဆာန်အစာအဖြစ် အသုံးပြုကြပါတယ်။

ပြည်ပကို ပြောင်းဆန်တင်ပို့ရမှု ဆက်တိုက်ကျခဲ့လို့ ​အောက်တိုဘာလမှာ ပြောင်းဆန်တပိဿာကို ကျပ် ၁,၆၉၀ မှ ၁,၇၁၀ အထိသာ ရှိခဲ့ပါတယ်။

နိုဝင်ဘာ လဆန်းပိုင်းမှာတော့ ပြောင်းဆန်တစ်ပိဿာကို ကျပ် ၁,၈၄၀ မှ ၁,၈၆၀ ခန့်အထိ ပေါက်ဈေး ရှိလာကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရပါတယ်။

မြန်မာပြည်က ပြောင်းဆန်ကို တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့က အဓိက ဝယ်ယူပြီး ဗီယက်နမ်၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ဝယ်ယူမှု အနည်းငယ်ရှိပါတယ်။

ပြီးခဲတဲ့ နှစ်တွေအတွင်းမှာ အဆိုပါနိုင်ငံတွေက ပြောင်းဆန်ဝယ်ယူမှု ဆက်တိုက်ကျဆင်းလာခဲ့ပြီး ထိုင်းနိုင်ငံ တနိုင်ငံတည်းကသာ တန်ချိန် အများအပြား ဆက်လက်ဝယ်ယူနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံက ထိုင်းလယ်သမားတွေရဲ့ စီးပွားရေးကို ထောက်ရှုမယ်ဆိုကာ ပြီးခဲ့တဲ့ သြဂုတ်လက စပြီး မြန်မာ့ပြောင်းဆန် ဝယ်ယူမှုကို ရပ်တန့်ခဲ့ပါတယ်။

အခုလို ထိုင်းနိုင်ငံက ပြောင်းဆန်မှာယူမှု ရပ်လိုက်တဲ့အချိန်မှာ သင်္ဘောအရောက် FOB ဈေး၊ ပြောင်းဆန် တတန်ကို အမေရိကန်ဒေါ်လာ ၂၆၅ အထိ ဈေးကျဆင်းခဲ့ပါတယ်။

အခု ပြောင်းထွက်ရာသီမှာတော့ နိုင်ငံခြား ဝယ်လက်လည်း ပေါ်လာတာကြောင့် ပြည်တွင်း ပြောင်းဆန်ဈေး၊ ပြန်တက်လာပြီး သင်္ဘောအရောက်ဈေးနှုန်း FOB မှာ တတန်ကို အမေရိကန်ဒေါ်လာ ၂၇၀ နဲ့ ၂၈၀ အကြား ဈေးရရှိနေတယ်လို့ ပြောင်းကုန်သည်တွေက ဆိုပါတယ်။

တိရိစ္ဆာန်အစာအဖြစ် အသုံးပြုတဲ့ ပြောင်းဆန်ဟာ နှစ်စဥ် တန် သုံးသိန်းသန်းကျော် ထွက်ရှိပါတယ်။ နှစ်စဥ် ပြောင်းဆန်တင်ပို့မှုဟာ တန်ချိန် နှစ်သန်းအထိ ရှိနေခဲ့ပြီး ကျန်တန်တသန်းကတော့ ပြည်တွင်းမှာပဲ အသုံးပြုတယ်လို့ ပြောင်းလုပ်ငန်းရှင်အသင်းရဲ့ မှတ်တမ်းတွေက ဆိုပါတယ်။

Photo – ရိုက်တာ

မူရင်းသတင်း — Voice of Myanmar