NP News

အွန်လိုင်းလိမ်လည်မှုများနှင့်ဆက်နွှယ်သော ငွေကြေးခဝါချမှုများအား ဆက်လက်စုံစမ်းစစ်ဆေး သွားရန် ဗဟိုဘဏ်ဥက္ကဋ္ဌ ညွှန်ကြား

စော(NP News)- နိုဝင်ဘာ ၁၀
အွန်လိုင်းလိမ်လည်မှုများနှင့်ဆက်နွှယ်သော ငွေကြေးခဝါချမှုများအား ဆက်လက်စုံစမ်းစစ်ဆေး သွားရန် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ယမန်နေ့( နိုဝင်ဘာ ၉ရက်)က ပြုလုပ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ယင်း အစည်းအဝေးတွင်ဆွေးနွေးချက်များအရ အွန်လိုင်းလိမ်လည်မှုများအားဖော်ထုတ်သွားရန်၊ ယင်းပြစ်မှုများနှင့်ဆက်နွှယ်၍ ငွေကြေးခဝါချမှုဖြင့် ဆက်လက်စုံစမ်းစစ်ဆေးတရားစွဲဆိုသွားရန်၊ အဂတိလိုက်စားမှုနှင့်ဆက်နွှယ်သည့် ငွေကြေးခဝါချမှုများအား ဖော်ထုတ်နိုင်ကြောင်းမှုခင်းဖြစ်စဉ်များဖြင့်ဖော်ပြရန် ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ထို့ပြင် လက်ငင်းရလဒ် (၇ ဒသမ ၁) နှင့်ပတ်သက်၍ ဆုံးရှုံးနိုင်ခြေမြင့်မားသည့်မှုခင်းများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုများအား စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်း၊ နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းခြင်း ဆောင်ရွက်ရန်၊ ကျန်ရှိနေသည့် Action Plan နှစ်ချက်အား FATF နှင့် APJG ၏ လိုလားချက်များနှင့် ကိုက်ညီစေရေးလာမည့်လေးလတာကာလအတွင်း အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့်မိမိတို့ဌာနအလိုက် ပူးပေါင်းဆောင်ရွက်ပေးကြရန် ဗဟိုဘဏ်ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးသည် ပြီးခဲ့သည့် အောက်တိုဘာ (၂၆) ရက်မှ (၃၀) ရက်အထိ ပြင်သစ်နိုင်ငံပါရီမြို့တွင် ကျင်းပသည့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ (ICRG) အစည်းအဝေးနှင့်ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့(FATF) မျက်နှာစုံညီအစည်း အဝေးများသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News