
ထိုက်စံ (NP News) - နိုဝင်ဘာ ၁၀
မိုးအဆက်မပြတ်ရွာသွန်းသည့် အတွက် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ပင်လုံ-လဲချားလမ်းမကြီးရှိ လမ်းပိုင်း တစ်နေရာတွင် ရေကျော်နေကြောင်း NP News က ဒေသခံများထံ မေးမြန်းထားချက်အရ သိရသည်။
ယနေ့(နိုဝင်ဘာ ၁၀ ရက်)၊ မွန်းလွဲ(၂)နာရီအချိန်ခန့်က ပင်လုံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး နန်ဆီဟော်ချောင်းရေစီးဆင်းမှုကြောင့် ပင်လုံ-လဲချားလမ်းမကြီး၊ မိုင်တိုင်အမှတ် (၈)မိုင်(၁)ဖာလုံနှင့် (၂)ဖာလုံကြားတွင် ရေကြီးနေခြင်းဖြစ်ကြောင်း သိရသည်။
“ပင်လုံ-လဲချားလမ်းမကြီးမှာ ရေကျော်ဝင်ရောက်နေတာပေါ့။ (၁)ပေခွဲလောက်ရှိတယ်။ မိုးကအဆက် မပြတ်ရွာနေတာ။ ဒီလိုသာရွာနေရင်တော့ ရေတက်လာမှာပေါ့။ လမ်းမှာ သွားလာနေတဲ့ သူတွေ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ကူညီဆောင်ရွက်ပေးနေတာတွေရှိတာပေါ့” ဟု ကူညီဆောင်ရွက်ပေးနေသော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထိုသို့ ရေကြီးနေခြင်းကြောင်း ပင်လုံ-လဲချားလမ်းပေါ်တွင် ဖြတ်သန်းသွားလာသည့် ကားငယ်များမှ စောင့်ဆိုင်းရသည့်အခြေအနေများရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“တိုးဂိတ်နားမှာ အပြည့်ပဲ။ ကားတွေကလည်း ရေကျနေတာကို စောင့်နေကြတာပေါ့။ ကားငယ်တွေကတော့ ဖြတ်လို့မရဘူး။ မိုးက မနေ့ညကတည်းက အခုချိန်ထိကို မတိတ်သေးဘူး။ ရှမ်းတောင်မှာတော့ တောက်လျှောက်မနေ့ကကတည်းက ရွာနေတာပဲ”ဟု ၎င်းကပြောသည်။
လက်ရှိတွင် ပင်လုံနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကလောမြို့နှင့်အောင်ပန်းမြို့ရှိ နေရာ အချို့ တွင် ယနေ့ (နိုဝင်ဘာလ ၁၀ ရက်) ၌ ရေကြီးရေလျှံမှု ဖြစ်ခဲ့ပြီး ကလောမြို့ အဆင်း ရေယား အကျော်တွင် တောင်ပြို၍ လမ်းပိတ်ဆို့သော ဖြစ်စဉ် ဖြစ်ခဲ့သော်လည်း အချိန်တို အတွင်း ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။