၁၁.၁၁.၂၀၂၆
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်၏ တောင်ဘက်ရှိ ဆောင်နမ်မြို့၊ ဘွန်ဒန်းခရိုင်တွင် နိုဝင်ဘာလ ၁၁ ရက်၊ နံနက် ၇း၃၄ နာရီ လူသွားလူလာများပြားချိန်၌ အများပြည်သူသယ်ယူပို့ဆောင်ရေး ဘတ်စ်ကားတစ်စီးက ယာဉ် ၃၂ စီးကို ဝင်တိုက်မိခဲ့ရာ လူကိုးဦး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး အခြား ၄၈ ဦးမှာ မပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူစုစုပေါင်း ၅၇ ဦးခန့်ရှိခဲ့ပြီး ဆေးကုသမှု ခံယူခဲ့ကြသည်။ ၎င်းတို့အနက် ကိုးဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော်လည်း မည်သူမျှ အသက်အန္တရာယ် စိုးရိမ်ရလောက်သည့် အခြေအနေမျိုး မရှိကြောင်းလည်း သိရသည်။


အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသော မြို့တွင်းဘတ်စ်ကားက ဆောင်နမ်မြို့၊ ဘွန်ဒန်းခရိုင်တွင် နံနက် ၇:၃၄ နာရီအချိန်၌ အခြားဘတ်စ်ကား လေးစီး၊ ကုန်တင်ကား တစ်စီးနှင့် ကိုယ်ပိုင်ကား ၂၇ စီးတို့ကို ဝင်တိုက်မိခဲ့ပြီးနောက် လမ်းဘေးအကာအရံတားဆီးပစ္စည်းကို များဝင်တိုက်ကာ ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။
အသက် ၆၀ ကျော်အရွယ် ဘတ်စ်ကားယာဉ်မောင်း အမျိုးသားကို ယာဉ်အပျက်အစီးများကြားမှ ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ၎င်းမှာ အရက်သေစာ သောက်စားထားခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။
ဤယာဉ်မတော်တဆမှုမှာ ဘရိတ်ပေါက်သွားခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း ယာဉ်မောင်းက ရဲတပ်ဖွဲ့ထံ ပြောကြားခဲ့သည်ဟု သိရပြီး တာဝန်ရှိသူများက မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းအတိအကျကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
Ref: The Korea Times