သက်တံ့
၁၀. ၁၁. ၂၀၂၆
ထိုင်းနိုင်ငံတောင်ပိုင်း ယာလခရိုင်၊ သန်းတိုမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် တနင်္လာနေ့နံနက်ပိုင်းက နာရီပေါင်းများစွာ ပိတ်ဆို့စစ်ဆေးပြီးနောက် လုံခြုံရေးတပ်ဖွဲ့များနှင့် ပစ်ခတ်မှုဖြစ်ပွားရာ အစ္စလာမ္မစ်ခွဲထွက်ရေးဝါဒီ အစွန်းရောက်သောင်းကျန်းသူနှစ်ဦး သေဆုံးသွားခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
သေဆုံးသွားသူ နှစ်ဦးမှာ တောင်ပိုင်းအစ္စလာမ်မစ် ခွဲထွက်ရေးအဖွဲ့တစ်ခုဖြစ်သည့် ဘာရီဆန် ရီဗိုလူစီ နာဆီယိုနယ် (Barisan Revolusi Nasional -BRN) အဖွဲ့ဝင်များ ဖြစ်ကြသည်ဟု ယူဆရသည်။ ၎င်းတို့နှစ်ဦးသည် တောင်ပိုင်းခရိုင်တွင် လက်နက်ကိုင် အကြမ်းဖက်မှုများ ပြုလုပ်ခဲ့မှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူများ ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
သို့သော် ၎င်းတို့၏ အမည်များကိုမူ ထုတ်ပြန်ပြောကြားခြင်း မရှိသေးပေ။ ပစ်ခတ်မှုအပြီးတွင် ထိုင်းအာဏာပိုင်များက M-16 ရိုင်ဖယ်တစ်လက်နှင့် စစ်သုံးကျောပိုးအိတ်အချို့ကို သိမ်းဆည်းရမိခဲ့သည်။
အလိုရှိထားသူများက လက်နက်ချအဖမ်းခံရန် ငြင်းဆန်ခဲ့ပြီးနောက် အတွင်းပိုင်းလုံခြုံရေး စိစစ်ကွပ်ကဲမှုဌာနချုပ် (ISOC) ဒေသ (၄) ရှေ့တန်းစစ်ဌာနချုပ်သည် သန်းတိုမြို့နယ်ရှိ တောင်ခြေရွာတစ်ရွာဖြစ်သည့် ဘန်ခုတ်ချမ်း (Ban Khok Chang) ရွာကို တနင်္လာနေ့နံနက်ပိုင်းတွင် ပိတ်ဆို့ဧရိယာအဖြစ် ကြေညာခဲ့သည်။
အချိန်အတော်ကြာ ထိပ်တိုက်ရင်ဆိုင်ဖြစ်ပွားပြီးနောက် ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးရန် ဝင်ရောက်ရှင်းလင်းစဉ် ၎င်းတို့ဘက်မှ စတင်ပစ်ခတ်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။
Ref: Bangkok Post