၁၁.၁၁.၂၀၂၆
Translated by Htwe Ko Tun
ဘူလ်ဂေးရီးယားနိုင်ငံတွင် ထူထဲစွာကျဆင်းနေသော မြူနှင်းများကြောင့် နိုဝင်ဘာလ ၁၀ ရက်က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုများတွင် အနည်းဆုံးလူ ၁၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့များကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့ရကြောင်း သိရသည်။
ဘူလ်ဂေးရီးယား အာဏာပိုင်များကလည်း နိုင်ငံ၏ အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင် နိုဝင်ဘာလ ၁၀ ရက်က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုများ၌ လူအနည်းဆုံး ၁၂ ဦး သေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ကြသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ နိုင်ငံအရှေ့တောင်ပိုင်းမြို့တစ်မြို့ဖြစ်သည့် ယမ်ဘိုလ်မြို့အနီးရှိ A1 အဝေးပြေးလမ်းမကြီးပေါ်တွင် ဘတ်စ်ကားတစ်စီးနှင့် ကုန်တင်ကားတစ်စီး တိုက်မိရာမှတစ်ဆင့် အခြားယာဉ်များပါ ဆင့်ကဲတိုက်မိသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ခြင်းဟုဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအတွင်းရေးမှူး လျူဘိုမား နီကိုလော့ဗ်က ဤမတော်တဆမှုက မြူနှင်းများထူထပ်စွာ ကျဆင်းမှုကြောင့် ဖြစ်နိုင်ကြောင်း သတင်းထောက်များကို အခင်းဖြစ်ပွားရာနေရာ၌ ပြောကြားခဲ့သည်။
ယမ်ဘိုလ်မြို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဂျော့ဂျ် ချာလာကော့ဗ်က ယာဉ်ပေါင်း ၅၀ ခန့် (ကားများနှင့် ကုန်တင်ကားများ) ဤမတော်တဆမှုတွင် ပါဝင်ပတ်သက်နေကြောင်း ပြောကြားသည်။

ကျန်းမာရေးဝန်ကြီး ကတ်ယာ အိဗ်ကိုဗာကလည်း လူ ၁၀ ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ပြီး နောက်ထပ် ၂ ဦးမှာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း ပြောခဲ့သည်။ ထို့အပြင် လူ ၄၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုဆိုင်ရာ နေရာများသို့ ပို့ဆောင်ထားကြောင်း ၎င်းက ပြောကြားသည်။
ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလင်ကို ကြိုဆိုမည့် ဝန်ကြီးချုပ် ရူမင် ရာဒက်ဗ်ကလည်း ၎င်း၏ နိုဝင်ဘာလ ၁၀ ရက် ညပိုင်းတွင် စီစဉ်ထားသော အစီအစဉ်များကို ဖျက်သိမ်းခဲ့သည်။ ဗွန်ဒါလင်ကလည်း သူမ၏ ခရီးစဉ်ကို အချိန်မတိုင်မီ အဆုံးသတ်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြို့တော် ဆိုဖီယာနှင့် ပင်လယ်နက်ကမ်းခြေမြို့ ဘာဂါ့စ်တို့ကို ဆက်သွယ်ထားသည့် A1 အဝေးပြေးလမ်းမကြီးပေါ်ရှိ အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိနေကြသည်။
ပြည်ထဲရေးဝန်ကြီးဌာန ယမ်ဘိုလ်မြို့ ဒေသဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်းစစ်ဆေးရေးမှူး တိုဒေါ မီရှီနက်ဗ်က ၎င်းပြောဆိုနေချိန်၌ပင် လူအချို့မှာ ၎င်းတို့၏ ယာဉ်များအတွင်း ပိတ်မိနေဆဲဖြစ်ကြောင်း Nova TV သို့ ပြောကြားခဲ့သည်။
“လက်ရှိအချိန်မှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးစားပေး လုပ်ဆောင်နေပါတယ်။ အဲဒါတွေ ပြီးစီးသွားတဲ့အခါမှသာ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို အနီးနားရှိ မြို့များမှ ဆေးရုံများသို့ ပို့ဆောင်လျက်ရှိပြီး တာဝန်ရှိသူများကလည်း ဆေးကုသရေးအဖွဲ့များနှင့် လူနာတင်စင်များ တင်ဆောင်ထားသည့် လေယာဉ်နှစ်စင်းကို စေလွှတ်လိုက်သည်။
ဥရောပကော်မရှင်၏ ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် ဘူလ်ဂေးရီးယားနိုင်ငံ၌ လူဦးရေ တစ်သန်းလျှင် ၇၁ ဦးနှုန်းဖြင့် လမ်းအန္တရာယ်ကြောင့် သေဆုံးမှုများ ဖြစ်ပွားခဲ့ရာ ၎င်းသည် ဥရောပသမဂ္ဂ အတွင်း အမြင့်ဆုံးနှုန်းထားဖြစ်သည်။ နှိုင်းယှဉ်ကြည့်ရလျှင် ဥရောပသမဂ္ဂ၏ လမ်းအန္တရာယ်ကြောင့် သေဆုံးမှု ပျမ်းမျှနှုန်းထားမှာ လူဦးရေ တစ်သန်းလျှင် ၄၃ ဦး ဖြစ်သည်။
နိုင်ငံအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူဦးရေ မြင့်မားနေရခြင်းမှာ ပေါ့ဆစွာ မော်တော်ယာဉ်မောင်းနှင်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံများကို လျစ်လျူရှုထားခြင်းနှင့် တရားစီရင်ရေးစနစ် ထိရောက်မှုမရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု ထိခိုက်ခံစားရသူများက ပြောဆိုကြသည်။
Ref: AFP