
နေလင်း(ပြင်ဦးလွင်)- နိုဝင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ စိတ်ကူးစိတ်သန်းများကို အနုပညာဖြင့် ဖော်ထုတ်ပြသနိုင်စေရန် ရည်ရွယ်၍ “အာကာသအိပ်မက်” ခေါင်းစဉ်ဖြင့် ပန်းချီ၊ ပိုစတာနှင့် ကာတွန်းပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်မှစတင်ကာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရပါသည်။
အဆိုပါပြိုင်ပွဲကို ပြင်ဦးလွင်မြို့နယ် ပညာရေးမှူးရုံး၏ ဦးဆောင်မှုဖြင့် ကျင်းပခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ အစိုးရကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
ပြိုင်ပွဲတွင် ပန်းချီပြိုင်ပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၂၄၅) ဦး၊ ပိုစတာပြိုင်ပွဲ၌ (၁၆၄) ဦးနှင့် ကာတွန်းပြိုင်ပွဲ၌ (၁၅၅) ဦး စုစုပေါင်း (၅၆၄) ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတဦး၏ ပြောကြားချက်အရ သိရပါသည်။
အဆိုပါပြိုင်ပွဲကို အနာဂတ်မျိုးဆက်သစ် လူငယ်မောင်မယ်များအနေဖြင့် အာကာသသိပ္ပံနှင့် နည်းပညာအပေါ် စိတ်ဝင်စားမှု တိုးပွားလာစေရန်နှင့် အနုပညာမှတဆင့် သိပ္ပံဆိုင်ရာ စိတ်ကူးစိတ်သန်းများကို ဖန်တီးဖော်ထုတ်ပြသနိုင်စေရန် အထူးရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း တာဝန်ရှိသူတဦးက ပြောပြပါသည်။
ပြင်ဦးလွင်မြို့နယ်အဆင့် ပြိုင်ပွဲများကိုလည်း အဆင့်အလိုက် ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ နိုဝင်ဘာ ၁၂ ရက်တွင် အလယ်တန်းအဆင့် ပန်းချီ၊ ပိုစတာနှင့် ကာတွန်းပြိုင်ပွဲများကို “လူသားနှင့် အနာဂတ်အာကာသ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နိုဝင်ဘာ ၁၃ ရက်တွင် အထက်တန်းအဆင့် ပြိုင်ပွဲများကို “အသုံးချလေ့လာ အာကာသနည်းပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။
ထို့ပြင် မြို့နယ်အဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသူများ၏ လက်ရာများကို ပန်းချီပညာရှင် ၁၁ ဦးက ကြီးကြပ်အကဲဖြတ်စစ်ဆေးလျက်ရှိပြီး ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများသည် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲသို့ ဆက်လက်တက်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရပါသည်။
#နေလင်း(ပြင်ဦးလွင်)
09 430 63140
