
ပုလဲ (NP News) - နိုဝင်ဘာ ၁၁
မော်လမြိုင်တွင် ဥပဒေဆိုင်ရာအထောက်အကူအကြံပေးရေးအဖွဲ့ မှ ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ ရွှေဆွဲကြိုးလုယက်ခံရကြောင်း လုံခြုံရေးအဖွဲ့များနှင့် နီးစပ်သူ ထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် (နိုဝင်ဘာ ၇ ရက်) ညနေ (၃) နာရီ၊ (၂၀) မိနစ်ခန့် က မွန်ပြည်နယ် မော်လမြိုင်မြို့ ၊ ဇော်ကုန်းရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဇော်ကုန်းရပ်ကွက်တွင် နေထိုင်သော ဥပဒေဆိုင်ရာအထောက်အကူအကြံပေးရေးအဖွဲ့ မှ ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ အသက် (၆၀) အရွယ် ဒေါ်သက်သက်ဝင်းသည် အိမ်မွေးခွေးတစ်ကောင်အား ၎င်း၏ အိမ်ရှေ့ ဆန်တန်းလမ်းမဘေးတွင် ခွေးကျောင်းခဲ့ကြောင်း သိရသည်။
ထိုသို့ခွေးကျောင်းနေစဉ် ဒိုင်းဝန်းကွင်း လမ်းဘက်မှ ဆိုင်ကယ်မောင်းနှင်လာသော အမျိုးသား(၂)ဦးမှ ၎င်း၏ နောက်ကျောဘက်မှ ဖြတ်မောင်းနှင်သွားစဉ် ၎င်း ဝတ်ဆင်ထားသော သံကြိုးပွ ရွှေဆွဲကြိုး (၁) ကျပ်သား ကျော်ခန့်၊ ကာလ တန်ဖိုး (၉၅)သိန်းကျပ်ခန့်အား ဆွဲဖြုတ်၍ ထွက်ပြေးမောင်းနှင် သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရွှေဆွဲကြိုးအား ဆွဲဖြုတ်ထွက်ပြေး မောင်းနှင်သွားသူ အမျိုးသား (၂)ဦး အား သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။