
နိုဝင်ဘာ ၁၁ – ၂၀၂၆
SS (VOM)
လက်ရှိ မြန်မာနိုင်ငံအတွင်းက ဒေသတချို့မှာ အခု နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ စက်သုံးဆီတွေ ပြတ်လပ်နေပြီး အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေမှ တာဝန်ရှိသူတွေက ပြောပါတယ်။
စက်သုံးဆီအရောင်းဆိုင် အများစုက ဆီပြတ်လပ်နေတယ်လို့ အကြောင်းပြကာ အရောင်းရပ်ထားကြသလို ပြင်ပဈေးကွက်မှာ စက်သုံးဆီ ဝယ်ယူမယ်ဆိုပါကလည်း တလီတာ ကျပ် တသောင်းနီးပါးအထိ ရှိနေပြီး လိုသလောက် ဝယ်မရ ဖြစ်နေတယ်လို့ သိရပါတယ်။
“တလီတာရဖို့တောင် တော်တော်ခက်နေတယ်။ ဆီဆိုင်တိုင်းလိုလို ဆီမရှိဘူးဘဲ ပြောနေကြတယ်။ ဝယ်လို့ရတဲ့ ဆိုင်တွေကျတော့လည်း အကန့်အသတ်နဲ့။ဒါကြောင့် လိုအပ်တဲ့အချိန်မှာ ကားထွက်ဖို့တောင် ဆီမရှိတဲ့အထိ ဖြစ်နေရတယ်” လို့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
အရောင်းဆိုင်တွေအနေနဲ့ စက်သုံးဆီကို မနက်ပိုင်းမှာ အကန့်အသတ်နဲ့ ရောင်းချပေးနေတာဖြစ်ပြီး ညနေပိုင်း အချိန်တွေမှာတော့ လုံးဝ ဝယ်ယူလို့ မရတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ဧရာဝတီတိုင်းအတွင်း ပုသိမ်မြို့အပြင် ကမ်းခြေဒေသတွေဖြစ်တဲ့ ငွေဆောင်နဲ့ ချောင်းသာတို့မှာပါ စက်သုံးဆီ ပြတ်လပ်နေတာကြောင့် ဒေသခံတွေသာမက ခရီးသွားပြည်သူတွေပါ အခက်ကြုံနေရတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုဒေသအတွင်းရှိ ပင်းတယမြို့နယ်နဲ့ ရွာငံမြို့နယ်တို့မှာလည်း စက်သုံးဆီ ဝယ်ယူနိုင်ဖို့ အချိန်ကြာမြင့်စွာ တန်းစီနေရပြီး ပြင်ပ မှောင်ခိုဈေးကတော့ တလီတာ ကျပ် ၉၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
အခုလို စက်သုံးဆီ ပြတ်လပ်နေမှုကြောင့် နယ်မြို့တွေရှိ အငှားယာဉ်မောင်းတွေ၊ ဆိုင်ကယ်ကယ်ရီသမားတွေနဲ့ စက်သုံးဆီကို အဓိကအားထား လည်ပတ်နေရတဲ့ စိုက်ပျိုးရေးနဲ့ အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေဟာ လုပ်ငန်းတွေ ယာယီရပ်နားထားရတဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တောင်သူတယောက်ကလည်း “ဆီက ဝယ်မရသလို၊ ရပြန်ရင်လည်း ဈေးက တအားကြီးတယ်။ မိုးစပါးတွေရိတ်သိမ်းချိန်မှာ စက်သုံးဆီက မရှိမဖြစ်လိုတာ၊ အခုလို ဆီပြတ်တော့ လုပ်ငန်းတွေအားလုံး ရပ်လုနီးပါးဖြစ်ကုန်ပြီ” လို့ ပြောပါတယ်။
အဲဒီလိုပဲ ရန်ကုန်မြို့မှာလည်း စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်နေတယ်လို့ သိရပြီး ဆီတခါဖြည့်တိုင်း ကားနံပါတ်၊ အမည်ပေးရကာ လက်မှတ်ထိုး ဝယ်ယူနေရပေမယ့် ကီလိုများလည်း ဆီပိုမရဘူးလို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။
ကလေးပစ္စည်းဆိုင် ဖွင့်လှစ်ထားသူ တယောက်ကလည်း “အခုနောက်ပိုင်း လျှပ်စစ်မီးပျက်တာတွေလည်း ပိုဆိုးလာတယ်။ မီးစက်အတွက် ဆီဖြည့်မယ်ဆို ဆီမလောက်လို့ ရောင်းမပေးနိုင်ဘူး ပြောကြတယ်။ ဆိုင်ကြီးတွေမှာတောင် ဝယ်လို့မရဘူးဖြစ်နေတယ်” လို့ ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ ပြင်ပ မှောင်ခိုဈေးကွက်မှာတော့ စက်သုံးဆီ တလီတာ ကျပ် ၉၀၀၀ ဝန်းကျင်အထိ ရှိနေပြီး တဂါလန် ကျပ် လေးသောင်းဝန်းကျင်အထိ ဈေးမြင့်တက်နေတယ်လို့ သိရပါတယ်။
အခုလို စက်သုံးဆီတွေ ပြတ်လပ်နေရတာဟာ နိုင်ငံခြားငွေနဲ့ ဝယ်ယူတင်သွင်းရတဲ့ ကုန်စည်တွေအပေါ် ကန့်သတ်လျှော့ချမှုတွေ ပြုလုပ်နေတာကြောင့်အပြင် ပြည်တွင်းဖြန့်ဖြူးမှု ခွဲတမ်း နည်းပါးနေတာတွေကြောင့်လို့ သိရပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားတဲ့ ဒီတပတ်အတွက် စက်သုံးဆီ ရည်ညွှန်းဈေးတွေကတော့ ၉၂ ဓာတ်ဆီ တလီတာ ၄၅၃၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၄၅၅၀ ကျပ်၊ ဒီဇယ် တလီတာ ၄၅၅၅ ကျပ်၊ ပရီမီယမ်ဒီဇယ် တလီတာ ၅၅၂၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ