မိုးကုတ်၊ နိုဝင်ဘာ- ၁၁- ၂၀၂၆
SA(VOM)
တိုက်ပွဲတွေကြောင့် လျှပ်စစ်ဓာတ်အားပေးစနစ်တွေ ပျက်စီးခဲ့ရတဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ မိုးကုတ်မြို့နယ်၊ ဓာတ်အားခွဲရုံတွေနဲ့ ဓာတ်အားလိုင်းတွေကို တိုင်းအစိုးရအဖွဲ့က ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ပြီး မနေ့ နိုဝင်ဘာ ၁၀ ရက်နေ့မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က မိုးကုတ်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှာ ဓာတ်အားလွှတ် အခမ်းအနား ကျင်းပခဲ့ကြပါတယ်။
လက်ရှိမှာတော့ တမြို့လုံးမီးလင်းသေးတာမဟုတ်ပေမယ့် နေရာအတော်များများမှာ လျှပ်စစ်မီးရရှိတာကို တွေ့ရပြီး ကျန်ရှိနေတဲ့ နေရာတွေကတော့ လျှပ်စစ်မီးကြိုးတွေခိုးခံရတာ၊ ထရန်စဖော်မာ တွေခိုးခံရတာတွေနဲ့ မီတာကြွေးကျန်တွေကြောင့် အလုံးစုံ မီးမလင်းသေးတာလို့ လျှပ်စစ်ရုံး တာဝန်ရှိသူတွေဆီက သိရပါတယ်။
မိုးကုတ်မြို့နယ်ဟာ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်မှာပါဝင်ပြီး ဧရိယာအကျယ်အ၀န်းအားဖြင့် (၄၅၃.၆၀)စတုရန်းမိုင်ရှိပြီးတော့ လူဦးရေ (၁၈၇,၁၉၇)ဦး၊ အိမ်ထောင်စုဦးရေ (၃၄,၄၉၂)ဦး၊ မြို့ပေါ်(၅)ရပ်ကွက်၊ ကျေးရွာပေါင်း (၁၃၁)ရွာတို့ရှိတယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်၊ ဇွန်လမတိုင်မီတွင် ဓာတ်အားစနစ်မှတဆင့် မီးသုံးသူစုစုပေါင်း ( ၃၀၉၃၅) ဦးရရှိပြီး၊ မီးလင်းပြီး ကျေးရွာပေါင်းမှာ( ၉၇ )ရွာ ရှိခဲ့ပါတယ်လို့ သိရပါတယ်။
၂၀၂၄ ဇွန်လမတိုင်ခင်မှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် မိုးကုတ်မြို့နယ်နဲ့မြို့နယ်ပတ်ဝန်းကျင်က ကျေးရွာတွေကိုဓာတ်အားဖြန့်ဖြူးပေးထားတဲ့ ဓာတ်အားခွဲရုံတွေနဲ့ ဓာတ်အားလိုင်းတွေ ပြတ်တောက်ပျက်စီးခြင်းတွေ ဖြစ်ပေါ်ခဲ့ပြီး ၃၀-၆ -၂၀ ၂၄ ရက်နေ့ကစပြီး တစ်မြို့နယ်လုံး ဓာတ်အားပြတ်တောက်ခဲ့ရပါတယ်။
မိုးကုတ်မြို့နယ်ကို ဓာတ်အားစနစ်ကနေ ဓာတ်အားမရရှိခင်ကာလ (၃၀-၁- ၂၀၂၆)ရက်နေ့ကစတင်ပြီး မိုးကုတ်ရေအားလျှပ်စစ်စက်ရုံကနေ တရက်ကို (၄)နာရီ စတင်ဓာတ်အားဖြန့်ဖြူးပေးခဲ့ပြီးတော့ စက်ကြံ့ခိုင်မှုနဲ့ ရေရရှိမှုပေါ်မူတည်ပြီး (၂၄)နာရီထိ တိုးမြှင့်ဖြန့်ဖြူးပေးထားနိုင်ခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်(နန်းနွဲ့)၊ မင်တံတားနဲ့ကျပ်ပြင် ဓာတ်အားခွဲရုံတွေက မိုးကုတ်မြို့နယ်ရှိ ဌာနပိုင်ထရန်စဖော်မာ(၃၅)လုံး၊ အခြားဌာနပိုင်ထရန်ဖော်မာ (၁)လုံး၊ ဘာသာ/သာသနာပိုင်ထရန်စဖော်မာ(၄)လုံး၊ ကျေးရွာ (၄)လုံး၊ ပုဂ္ဂလိကပိုင်ထရန်စဖော်မာ(၁၂)လုံး၊ စုစုပေါင်း ထရန်စဖော်မာ (၅၆) လုံးနဲ့ ရပ်ကွက်(၄)ခု၊ကျေးရွာ(၄)ရွာတို့မှာ မီးသုံးသူ(၉၉၉၈)ဦးအတွက် ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်မှာလည်းဖြစ်ပြီး လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရန် ကျန်ရှိနေတဲ့ ကျေးရွာတွေကိုလည်း အမြန်ဆုံးလျှပ်စစ်မီးရရှိဖို့ ဆက်လက်ကြိုးစား ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင် က ဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။
မိုးကုတ်မြို့မှာ တိုက်ပွဲတွေကြောင့် မိုးကုတ်မြို့ ဂေါက်ကွင်း၊ ရွှေလိပ်ပြာဟိုတယ်နဲ့ နေအိမ်အနည်းငယ်သာ ပျက်စီးတာတွေ့ရပြီး ပစ္စည်းပျောက်ဆုံးမှုတွေတော့ အများအပြားရှိခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။