
စိမ်းနု (VOM)
မကြာမှီက ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့က ပြည်တွင်းလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး နိုဝင်ဘာလက နေပြည်တော်က ဟိုတယ် တစ်ခုမှာ တွေ့ဆုံခဲ့ပါတယ်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းလဲဖြစ်ပြီးနောက် ငါးနှစ်အကြာမှာ တပ်မတော်က ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။
လွန်ခဲ့တဲ့ ငါးနှစ်က ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအပြောင်း လဲကြောင့် နိုင်ငံတကာထောက်ခံမှု အားနည်းနေတဲ့အပြင် နိုင်ငံရေး တည်ငြိမ်မှု အားနည်းနေတဲ့အတွက် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တွေ မရှိသလောက် နည်းပါးနေသေးပါတယ်။
ခေတ်အဆက်ဆက် ရေနံ နဲ့ သဘာဝဓါတ်ငွေ့ တူးဖော် ၊ ထုတ်လုပ်ရေးနဲ့ လျှပ်စစ်ကဏ္ဍမှာ ပြည်ပ ကုမ္ပဏီများကသာ နေရာယူခဲ့ပြီး ပြည်တွင်း ကုမ္ပဏီက အကူသဘောနဲ့သာ ပူးတွဲလုပ်ကိုင်ကြပါတယ်။
နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု နည်းပါး နေတဲ့ကာလမှာ နှစ်စဉ် သုံးစွဲမှု တိုးတက်နေတဲ့ လျှပ်စစ်ဓါတ်အား ဖူလုံရေးအတွက် ပြည်ပရင်းနှီးမြုပ်နှံမှု အစား ပြည်တွင်း အစားထိုးဖို့ အစိုးရ ရည်ရွယ်လိုက်ခြင်း ဖြစ်ပါတယ်။
ဒါကြောင့် တရားဝင် ပြည်တွင်း လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်တဲ့ ကမ်းလှမ်းချက် ဖြစ်ပါတယ်။
လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနက ရေနံနဲ့ သဘာဝဓါတ်ငွေ့ တူးဖော်ရေးလုပ်ငန်းတွင် ကမ်းလွန် နဲ့ ကုန်းတွင်း လုပ်ကွက် ၇၁ ကွက်မှာ ရင်းနှီးမြုပ်နှံဖို့ တရားဝင် ဖိတ်ခေါ်ခဲ့ပါတယ်။
အဲ့ဒီ အထဲမှာ ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ် လုပ်ခြင်း လုပ်ကွက် ၂၇ နဲ့ ရေတိမ်ပိုင်းကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ် နိုင်တဲ့ လုပ်ကွက် ၂၉ ကွက် ဖြစ်ပါတယ်။
ဒါအပြင် ထုတ်လုပ်ရန်သာ အဆင့်သင့် ရှိနေတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ကွက် ၁၅ ကိုပါ ရင်းနှီးမြုပ်နှံရန် ထည့်သွင်းဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။
နိုဝင်ဘာ ၆ ရက်နေ့က ရေနံနဲ့ သဘာဝဓါတ်ငွေ့ တူးဖော်ရေးလုပ်ငန်းတွေမှာ အရင်က မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေကို ဖိတ်ခေါ်ကာ ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ရေအားလျှပ်စစ်ကထုတ်တဲ့ လျှပ်စစ်ကိုသာ အဓိက မှီခိုနေရတဲ့အတွက် ပွင့်လင်းရာသီမှာ လျှပ်စစ်ဓါတ်အား ဝန်အား မနိုင်တာတွေဖြစ်တဲ့ အကြောင်းကိုပါ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ရေအားလျှပ်စစ် ထုတ်ယူနိုင်တဲ့ ရေလှောင်တမံတွေဟာ ရာသီဥတု ပြောင်းလဲခြင်း ၊ မြစ်ညာပိုင်း ရေဝေရေလဲ ဒေသတွေမှာ သစ်တောပြုန်းတီးလာတဲ့အတွက် ကန်အတွင်း ရေရရှိမှုဟာ တဖြည်းဖြည်း ဆုတ်လာတယ်လို့ ဝန်ကြီးက ဆိုပါတယ်။
ဝန်ကြီးရဲ့ ပြောကြားချက်အရ လျှပ်စစ်ဓါတ်အား ထုတ်ယူခြင်းကို ရေအားလျှပ်စစ်က လျော့ချပြီး အခြား လျှပ်စစ်ထွက်ရှိမယ့် စွမ်းအင်တွေကို အစိုးရ တရပ်အနေနဲ့ စဉ်းစားလာတာ ဖြစ်ပါတယ်။
အစိုးရက ဒီလို စဉ်းစားလာပေမယ့်လည်း ပြည်တွင်း ကုမ္ပဏီတွေဟာ သူတို့ကိုယ်တိုင် ထုတ်လုပ်မှုမှာ ပါဝင်ဖို့ အခက်ခဲ များစွာရှိနေတယ်လို့ ဆိုကြပါတယ်။
ရေနံနဲ့ သဘာဝဓါတ်ငွေ့တူးဖော် ထုတ်လုပ်ရေးဟာ စွန့်စားမှု များတဲ့လုပ်ငန်း ဖြစ်တဲ့အတွက် လုပ်ငန်းရှင်တွေရဲ့ အဓိက လိုအပ်ချက်က ငွေကြေးနည်းပညာ၊ အတွေ့အကြုံ ၊ ပညာရှင်နဲ့ စက်ကရိယာ ဖြစ်ပါတယ်လို့ ပြည်ပစွမ်းအင်တူးဖော်ရေးလုပ်ငန်းတွေမှာ အကြံပေးလုပ်ကိုင်ဖူးသူ ဦးသန်းထွန်းက ပြောပါတယ်။
အရင် လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေအရ ပြည်ပ ရင်းနှီးမြုပ်နှံမှုနဲ့ နည်းပညာ အထောက်အကူရှိနိုင်မှသာ လုပ်ငန်းတွေ အောင်မြင်နိုင်ပါမယ်လို့သူက ဆိုပါတယ်။
လုပ်ငန်း သဘာဝအရ ငွေကြေးကုန်ကျမှု အလွန်များပြီး စီမံကိန်းတခုကို ခန့်မှန်းကုန်ကျစရိတ်က အမေရိကန် ဒေါ် လာ သန်း ၁၀၀ အထက်မှာရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ ငွေ ကြေးလိုအပ်ချက်ဟာ အခက်ခဲ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။
ပြည်တွင်းလုပ်ငန်းရှင်တွင် ရေနံနဲ့ သဘာဝဓါတ်ငွေ့ တူးဖော်ရေးမှာ လုပ်ငန်းစနစ်တကျ လုပ်နိုင်တဲ့သူဟာ အနည်းငယ်သာရှိပြီး ထဲထဲဝင်ဝင်လုပ်နိုင်ခြင်း မရှိဘူးလို့ သူက ဆိုပါတယ်။
အစိုးရကလုပ်ကွက် ချပေးပေမယ့် နည်းပညာ ၊ ငွေကြေး ၊ စက်ကိရိယာ နဲ့ ကျွမ်းကျင်သူ နည်းပါးတာကြောင့် လုပ်ကွက်ရယူပြီး စီမံကိန်း ဆက်လက် မလုပ်နိုင်တဲ့ ကုမ္ပဏီတွေရှိခဲ့တယ်လို့ သူက ဆိုပါတယ်။
ဦးသန်းထွန်းဟာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနမှာ ညွှန်ကြားရေးမှူး အဆင့်အထိ လုပ်ကိုင်ခဲ့ဖူးတဲ့ အငြိမ်းစား အရာရှိကြီးတဦးဖြစ်ပါတယ်။
လက်ရှိမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စာအုပ်များ ရေးသားထုတ်ဝေနေသူလည်း ဖြစ်ပါတယ်။
” ပြည်တွင်းလုပ်ငန်းရှင်တွေ လုပ်နိုင်တဲ့ လုပ်ကွက် တွေလည်း ရှိပါတယ်။ ဘာပဲလုပ်လုပ် စာချူပ်တွေ သေချာ ချူပ်ဖို့တော့ လိုပါတယ်။ လုပ်ငန်းရှင်တွေ နဲ့ အစိုးရညှိနှိုင်း အကောင်ထည်ဖော်နိုင်ရင်တော့ အောင်မြင်ပါလိမ့်မယ်” လို့ ဦးသန်းထွန်းက ထပ်မံ ပြောပါတယ်။
ရေနံနဲ့ သဘာဝဓါတ်ငွေ့ တူးဖော်ရေးလုပ်ငန်းတွေ ဖိတ်ခေါပြီးနောက် လျှပ်စစ်ဓါတ်အား ထုတ်ယူခြင်း လုပ်ငန်းတွေကိုပါ ပြည်တွင်းလုပ်ငန်းရှင်တွေ မြုပ်နှံဖို့ နိုဝင်ဘာ ၇ နေ့မှာ ဖိတ်ခေါ်ခဲ့ပါတယ်။
အစိုးရ ဖိတ်ခေါ်ခဲ့တဲ့ လုပ်ငန်းတွေကတော့ မဟာဓါတ်အားလိုင်း တည်ဆောက်သွယ်တန်းခြင်း၊ပင်မဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း၊ အမိုးတင်ဆိုလာ လုပ်ငန်းတွေနဲ့ ရေပေါ်ဆိုလာ ဓာတ်အားပေးစက်ရုံတို့မှာ ရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
အဲဒီ လုပ်ငန်းတွေအပြင် ရေစုပ်တင်သိုလှောင်ရေ အားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေမှာလည်း ရင်းနှီးမြှုပ်နှံဖို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ဖိတ်ခေါ်ခဲ့ပါ တယ်။
လျှပ်စစ်ဓါတ်အားထုတ်ယူခြင်း လုပ်ငန်းမှာ ထုတ် ယူ ရရှိတဲ့ ဓါတ်အားကို မဟာဓါတ်အားလိုင်းထဲ ထည့်ဖို့က နည်းပညာနဲ့ ငွေကြေး ကုန်ကျမှု မြင့်မားတဲ့အတွက် ကုမ္ပဏီတိုင်း လက်လှမ်း မမှီနိုင်ကြောင်း ဧရာဝတီတိုင်းမှာ ဆိုလာကနေ လျှပ်စစ်ဓါတ်အား ထုတ်ယူဖို့ စီစဉ်နေတဲ့ ကုမ္ပဏီ တာဝန်ရှိသူတဦးက ပြောပါတယ်။
” မဟာဓါတ်အားလိုင်းမှာ မထည့်ဘဲ ဒေသတွင်း ထုတ်ဖို့ လုပ်နေတဲ့ ကျွန်တော်တို့ စီမံကိန်း အငယ်စားတောင် သိန်းက သောင်းဂဏန်း ရှိတယ်။ ငွေကြေး ကုန်ကျမှုများလို့ လက်လှမ်း မမှီနိုင်ဘူး” လို့ သူက ဆိုပါတယ်။
ဓါတ်အားခွဲရုံတွေ တည်ဆောက်၊ ဖြန့်ဖြူးနိုင်တဲ့ လျှပ်စစ်ကွန်ယက် တည်ဆောက်တဲ့ လုပ်ငန်းတွေကို ကုမ္ပဏီ အကြီးစားအချို့သာ လက်လှမ်းမှီနိုင်ပြီး တစ်နိုင်ငံလုံး ဖြန့်ဖြူးတဲ့ မဟာဓါတ်လိုင်းထည့်တဲ့လုပ်ငန်း အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
လျှပ်စစ်ဓါတ်အားထုတ်ယူတဲ့လုပ်ငန်းတွေမှာလည်း ငွေကြေး၊ နည်းပညာ ၊ ကျွမ်းကျင်သူ ၊ စက်ကရိယာ လိုအပ် အဆင့်ဆင့်လိုအပ်ပါတယ်။
ပြည်တွင်းမှာ သဘာဝဓါတ်ငွေ့ကနေ လျှပ်စစ်ဓါတ် အား မဂ္ဂါဝပ် ၃၀ ထုတ်ယူနေတဲ့ လုပ်ငန်းအသေးစားရဲ့ ကုန်ကျ စရိတ်တောင် အမေရိကန်ဒေါ်လာ ၇ သန်း ကုန်ကျတယ်လို့ ဆိုပါတယ်။
ဒီစက်ရုံတွေဟာ တနိုင်ငံလုံးကို ဖြန့်ဖြူးတဲ့ မဟာ ဓါတ်အားလိုင်းကို ဖြန့်ဖြူးတဲ့ အဆင့်မဟုတ်ဘဲ ဒေသတွင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ အနေအထားသာရှိပါသေးတယ်။
ငွေကြေးကုန်ကျမှု များတဲ့အတွက် ဘဏ်တွေ ချေးငွေ ထုတ်ချေးမှသာ လုပ်ငန်းရှင်တွေ စိတ်ပါဝင်စားလာနိုင်မှာ ဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
ဒါအပြင် လျှပ်စစ်ထုတ်ယူရေးနဲ့ပတ်သက်ပြီး ပြည်တွင်းကုမ္ပဏီက စက်ပစ္စည်းကရိယာ တွေကို ပြည်တွင်းက ဝယ်ယူနေရပြီး ရှားပါးနေခြင်းကို လက်ရှိ ကြုံတွေ့နေရပါတယ်။
” ရှိပြီးသား စက် ပျက်လို့ ဝယ်ရင်တောင် ပြည်တွင်းမှာ ကြိုးစားရှာနေရတယ်။ တင်သွင်းခွင့်လည်း ရှိမယ်။ သွင်းကုန် ပေါ်လစီလည်းဖြေလျော့ပေးစေချင်ပါတယ်။ ” လို့ သဘာဝဓါတ်ငွေ့ ကနေ လျှပ်စစ် ဓါတ်အားထုတ်ယူနေတဲ့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
ကိုယ်တိုင် တင်သွင်းလိုပေမယ့်လည်း တိုင်းပြည်ရဲ့ နိုင်ငံခြားငွေ လိုအပ်ချက်က ကြီးမားနေလို့ သွင်း ကုန်အခက်ခဲတွေရှိနေတယ်လို့ စွမ်းအင်နဲ့ လျှပ်စစ် ကဏ္ဍမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
အစိုးရဆီက သဘာဝဓါတ်ငွေ့ ဝယ်ယူပြီး လျှပ်စစ် ဓါတ်အား ထုတ်ယူနေတဲ့ အသေးစား လျှပ်စသ်ဓါတ်အားလုပ်ငန်းတွေ ရှိပြီး တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်နဲ့ မြိတ်မှာ ရှိတယ်လို့ စုံးစမ်းသိရှိရပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံမှာ လက်ရှိ ကြုံနေရတဲ့ အခက်ခဲတွေ လိုအပ်ချက်တွေများနေတာဟာ စွမ်းအင်နဲ့ လျှပ်စစ်ကဏ္ဍမှာ ပြည်တွင်း လုပ်ငန်းရှင်တွေကို ရင်းနှီးမြုပ်နှံမှုအရေးဟာ ပေးကား ပေး၏ မရ ဖြစ်နေတဲ့ အနေအထား ဖြစ်နေပါတယ်။
စိမ်းနု (VOM)