သတိုး
၁၂. ၁၁. ၂၀၂၆
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး စီဟာဆတ် ဖူအာကတ်ကောင်း (Sihasak Phuangketkeow) သည် နယ်စပ်လုံခြုံရေး၊ ကုန်သွယ်မှု အတားအဆီးများနှင့် မြစ်ချောင်းညစ်ညမ်းမှုဆိုင်ရာ ကိစ္စရပ်များအပေါ် မြန်မာတာဝန်ရှိသူများနှင့် အဆင့်မြင့်ဆွေးနွေးပွဲများ ပြုလုပ်ရန် နေပြည်တော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယခုခရီးစဉ်တွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်မှုများနှင့် ထိုင်းနိုင်ငံအပြင် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုအပေါ် ယင်းတို့၏ သက်ရောက်မှုများကိုလည်း ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ပါသည်။
ဝန်ကြီး စီဟာဆတ်သည် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။
ဆွေးနွေးပွဲများတွင် ထိုင်းနိုင်ငံအပေါ် ထိခိုက်မှုရှိနေသည့် ထိုင်းနယ်စပ်အနီး စစ်ရေးလှုပ်ရှားမှုများ၊ ထိုင်းပို့ကုန်လုပ်ငန်းရှင်များ ရင်ဆိုင်နေရသည့် အခက်အခဲများနှင့် သတ်မှတ်စံချိန်စံညွှန်းများထက် ကျော်လွန်ညစ်ညမ်းနေသည့် ကော့ခ်မြစ် (Kok River) နှင့် ဆိုင်မြစ် (Sai River) အတွင်း ရေထုညစ်ညမ်းမှု ပြဿနာများ ပါဝင်မည်ဖြစ်သည်။
ထိုင်းကိုယ်စားလှယ်အဖွဲ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချစ်ချနွတ် နွတ်ချာယာ (Gen. Chidchanok Nuchchaya)၊ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ချိုင်းပရွတ် ဒေါင်ပရာပတ် (Gen. Chaipruak Doungprapat) နှင့် အမှတ် (၃) စစ်တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝေါ်ရာသပ် ဘွန်ယာ (Lt. Gen. Worathep Bunnya) တို့ လိုက်ပါလာကြသည်။ ထို့အတူ လုံခြုံရေး၊ စီးပွားရေးနှင့် သံတမန်ရေးရာ ဆွေးနွေးမှုများတွင် ပံ့ပိုးကူညီရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ယခုခရီးစဉ်တွင် ပါဝင်တက်ရောက်မည်ဖြစ်သည်။
ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံအတွင်း အကြမ်းဖက်မှုနှင့် တင်းမာမှုများ လျှော့ချရေး ကြိုးပမ်းမှုများကို အားပေးတိုက်တွန်းရင်း အဆိုပါ စိုးရိမ်ပူပန်မှုများကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းသွားရန် စီစဉ်ထားသည်။ ထို့ပြင် ယခုဆွေးနွေးပွဲများသည် မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံ (ASEAN) ၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောကြားရန်နှင့် နှစ်နိုင်ငံစလုံးအပေါ် သက်ရောက်မှုရှိနေသည့် ကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်မှု ရရှိစေရန် အခွင့်အလမ်းတစ်ရပ်လည်း ဖြစ်လာမည်ဖြစ်သည်။
Ref: NBT World