Myanmar Transparency News

KIA ၊ KPDF နှင့် PDF အဖွဲ့ဝင် ၆ ဦက ဆုံလည်သေနတ်တစ်လက်အပါအဝင် လက်နက်၊ ခဲယမ်းများနှင့် အလင်းဝင်

ရောင်ဝါ
၁၂. ၁၁. ၂၀၂၆

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသဖြင့် လက်နက်ကိုင် ၆၀၀၀ ခန့်အလင်းဝင်လာသည့်နည်းတူ ယခုလည်း KIA ၊ KPDF နှင့် PDF အဖွဲ့ဝင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၆ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။

ထိုသို့ ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာကြသည့် KIA၊ KPDF နှင့် PDF အဖွဲ့ဝင်များအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက ဥပဒေဆိုင်ရာ အသိပညာပေးစကားများ ရှင်းလင်းပြောကြားပြီးနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် M-79 LL ၄၀ မမ ဆုံလည်သေနတ် ၁ လက်၊ K-25 သေနတ် ၂ လက်၊ KA သေနတ် ၁ လက်၊ ၄၀ မမ ဗုံးသီး ၂၀ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ၇.၆၂ ကျည် ၂၇၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၅ ခု၊ ကျည်ကာအင်္ကျီ ၁ ထည်နှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့်တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား M-79 LL ၄၀ မမ ဆုံလည်သေနတ် ၁ လက်အတွက် ငွေကျပ် ၇၅ သိန်း၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၃ လက်အတွက် ငွေကျပ် သိန်း ၁၅၀၊ ၄၀ မမဗုံးသီး ၂၀ လုံး အတွက် ငွေကျပ် သိန်း ၆၀၊ လက်ပစ်ဗုံး ၁ လုံးအတွက် ငွေကျပ် ၃ သိန်း၊ ကျည်ကာအင်္ကျီ ၁ ထည်အတွက် ငွေကျပ် ၂ သိန်း၊ အလင်းဝင်ရောက်လာသူများ ၆ ဦးအတွက် ငွေကျပ် သိန်း ၉၀ တို့ကိုပေးအပ်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

“ပဲခင်းမှာ ပေါင်းနုတ်နေတုန်း PDF အဖွဲ့အစည်းက လာပြီးတော့ ခေါ်ဆောင်ဖမ်းဆီးသွားပြီးတော့ သင်တန်းတွေပေးပြီးတော့ ဒီလို ရှေ့တန်းတွေ ဘာတွေပို့ခံရတာပေါ့။ အခက်အခဲတွေကတော့ ရှိပါတယ်။ ဘယ်လိုအခက်အခဲတွေလဲဆိုတော့ သူတို့တစ်ယောက်နဲ့ တစ်ယောက် မတူညီမှုတွေ နောက်ပြီးတော့ လူမျိုးရေးခွဲခြားတာတွေပေါ့။အဲ့လိုမျိုးတွေလည်းရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် အထက်က အငယ်ကို နှိပ်စက်တာမျိုးတွေပေါ့။ ဒါမျိုးတွေ အများကြီးရှိပါတယ်။ အလင်းဝင်လာတဲ့ အကြောင်းရင်းက သူတို့တွေ အဲ့ဒီလိုနှိပ်စက်တာ တွေလည်းပါလာတယ်။ နောက်ပြီးတော့ ရိက္ခာပိုင်း ဘာညာတွေလည်း နောက်ဆုံးအဆင့်က မပြေလာတော့ဘူး။ သူတို့ နှိပ်စက်တာတွေ ဘာတွေနဲ့ဆိုတော့ သူတို့နဲ့သဘောထားချင်းကလည်း တအား ကွဲလွဲတော့ ဒီဘက်ကို အလင်းဝင်လာဖြစ်တာပေါ့။ ကျွန်တော့်သူငယ်ချင်းနဲ့နှစ်ယောက် လာခဲ့ပါတယ်။ သူက သပ်သပ်တစ်နေရာပေါ့နော်။ ကျွန်တော်က တစ်နေရာအတူတူစုပြီးတော့ တိုင်ပင်ခဲ့ကြတာပေါ့။ သူငယ်ချင်းအတူသွားမလား ဘယ်လိုဘယ်ညာပေါ့။ ဒီဘက်မှာကတော့ စိတ်ချမ်းသာပါတယ်။ ဂရုတစိုက်လည်း ကြိုဆိုသလို ဝမ်းမြောက်ဝမ်းသာနဲ့ အကုန်လုံး ဂရုတစိုက်နေပေးတော့ စိတ်ချမ်းသာပါတယ်။ ဝမ်းလည်းသာပါတယ်။ ဟိုဘက်ကပြောတဲ့ မင်းတို့တွေကို အလင်းဝင်ရင် သတ်ပစ်မယ်တွေ၊ ထောင်ချထားမှာတွေ အဲ့လိုတွေ ပြောတာတွေ မယုံကြပါနဲ့လို့။ နိုင်ငံတော်ကလည်း လူငယ်တွေအတွက် အကုန်လုံး အလုပ်ကစ အကုန်လုံး တာဝန်ယူပြီးတော့ လုပ်ဆောင်ပေးနေတဲ့အချိန်မှာ အလင်းမြန်မြန်ဝင်ဖို့ ပြောချင်ပါတယ်”ဟု အလင်းဝင်လက်နက်ကိုင်တစ်ဦးက ပြောသည်။

ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ် ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးသည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် KIA ၊ KPDF နှင့် PDF အဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကျပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့်နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များ အတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများကို ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မူရင်းသတင်း — Myanmar Transparency News