
ဖလမ်း ၊ နိုဝင်ဘာ ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၁၂ ရက်နေ့က ဖလမ်းမြို့ ရာနှုန်းပြည့်ပြုပြင်ပြီးစီးသည့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၊ ဌာနဆိုင်ရာရုံး၊ အဆောက်အဦများ၊ ဝန်ထမ်း အိမ်ရာများနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ရှေးဦးစွာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်သည် ချင်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ကျင်မွာလ် ရပ်ကွက်ရှိ ဖလမ်းခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးနှင့် ဝန်ထမ်းအိမ်ရာ ပြုပြင်ပြီးစီးမှု၊ မိုးလေဝသနှင့်ရာသီဥတု တိုင်းတာရေးစက်ကိရိယာများ တပ်ဆင်ထားရှိမှုနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် သီးပင်စားပင်များ စိုက်ပျိုးထားရှိမှုအားလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုခဲ့ရာ သင်တန်းကျောင်း တာဝန်ရှိသူများက အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ရုံး၊ အဆောက်အဦများ ပြုပြင်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရပ်နားထားခဲ့ရာမှ ယခုအခါ ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်နေသည့်အပြင် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှစ၍ တိုင်းရင်းသားရိုးရာဂျပ်ခုတ်နည်းသင်တန်းအား ဒေသခံပြည်သူများအား သင်ကြားပေးလျက်ရှိသည်။ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့နယ် ပညာရေးမှူးရုံးသို့ရောက်ရှိပြီး ဆိုလာတပ်ဆင်ပြီးစီး၍ ဝန်ထမ်းများ ရုံးလုပ်ငန်းပုံမှန်လည်ပတ်နေမှု၊ ဝန်ထမ်းအိမ်ရာ ပြုပြင်ပြီးစီးမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပညာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်မှုများတင်ပြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ထို့နောက် ဖလမ်းမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ အကြမ်းဖက်ဖြစ်စဥ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် စာသင်ဆောင်ပြုပြင်ထားရှိမှု အခြေအနေအားလည်းကောင်း၊ ကျောင်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများအား ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတန်းပညာကို ကြိုးစာသင်ယူကြရမည့်အပြင် အသိပညာများတိုးပွားအောင် လေ့လာသင်ယူကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်လူငယ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူ ထမ်းဆောင်ကြရမည်ဖြစ်သဖြင့် ငယ်ရွယ်စဉ်အချိန်မှစ၍ ဗလငါးတန်နှင့် ပြည့်စုံဖွံ့ဖြိုးအောင် ကြိုးစားကြစေလိုကြောင်း အားပေးစကားပြောကြားပြီး ဆရာ၊ ဆရာမများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဖလမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဝန်ထမ်းအိမ်ရာနှင့် အမှုဆောင်အရာရှိအိမ်ရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost