
တရုတ်နိုင်ငံတော်သစ်ကို ၁၉၄၉ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီကဦးဆောင်၍ တည်ထောင်ခဲ့သည်။ ယခုအခါ နှစ်ပေါင်း ၇၇ နှစ်တာကာလအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံရေးနှင့်လူမှုရေးတည်ငြိမ်မှု၊ စီးပွားရေး၊ နည်းပညာနှင့် စစ်အင်အားတိုးတက်၍ အင်အားကြီးမားလာမှုတို့က အံ့မခန်းဖြစ်သည်။ ထိုသို့သော အံ့မခန်းသည့်တရုတ်နိုင်ငံ၏ ခေတ်သစ်ခရီးကိုမောင်းနှင်သူက တရုတ်ကွန်မြူနစ်ပါတီပင်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ အုပ်ချုပ်မှုနှင့် ဦးဆောင်မှုကြောင့်သာမဟုတ်လျှင် ယနေ့တရုတ်ပြည်ကို မြင်တွေ့နိုင်ရန်မသေချာပေ။ ထို့ကြောင့် တရုတ်နိုင်ငံအကြောင်းနားလည်လိုလျှင် တရုတ်ကွန်မြူနစ်ပါတီကို လေ့လာရန်အထူးလိုအပ်သည်။
တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ်(၂၀)မြောက်ဗဟိုကော်မတီ၏ (၅)ကြိမ်မြောက်မျက်နှာစုံညီအစည်းအဝေး ကို အောက်တိုဘာ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပေကျင်း၌ကျင်းပခဲ့ပြီး ထုတ်ပြန်ချက် (Communique) တစ်ခုနှင့် ဗဟိုကော်မတီ၏ ပါတီတွင်းအုပ်ချုပ်မှုဆိုင်ရာဆုံးဖြတ်ချက် (Resolution) တို့ကို ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
■ ပါတီအင်အားကျစ်လစ်တောင့်တင်းစေရေး ဆက်လက်ဆောင်ရွက်ရန် ဗဟိုကော်မတီ၏ဆုံးဖြတ်ချက်
“တရုတ်ကွန်မြူနစ်ပါတီအတွင်း မိမိကိုယ်ကိုအုပ်ချုပ်မှု (self-governance) ကို ပြည့်စုံတင်းကျပ်စွာ ဆက်လက်အကောင်အထည်ဖော်ရေးဆိုင်ရာ အရေးကြီးကိစ္စရပ်အချို့နှင့်ပတ်သက်၍ ပါတီဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်” ဟု ခေါင်းစဉ်တပ်ထားသော အဆိုပါ Resolution သည် အင်္ဂလိပ်ဘာသာစကားဖြင့် စာလုံးရေ ၁၅,၀၀၀ နီးပါး၊ ပုံမှန်စာလုံးအရွယ်အစားဖြင့် A4 စာရွက် ၃၃ မျက်နှာရှိသည်။ အပိုင်း (၈) ပိုင်းကို အဓိကဖော်ပြထားပြီး တစ်ပိုင်းချင်းစီအတွက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ဆုံးဖြတ်ချက်များက မိမိကိုယ်ကိုပြုပြင်ပြောင်းလဲခြင်း (Self-reform) ကို ဆက်လက်ဆောင်ရွက်ရန် ရှင်းလင်းပြတ်သားလွန်း၊ ခိုင်မာအားကောင်းလွန်း၊ ယုံကြည်ချက်ပြင်းထန်လွန်းသည်ကို တွေ့ရသည်။
Resolution၏ အပိုင်း (၁)မှာ “ပါတီတွင်းမိမိကိုယ်ကိုအုပ်ချုပ်မှု (self-governance)ကို ပြည့်စုံတင်းကျပ်စွာ ဆက်လက်ကျင့်သုံးရေး၏ အရေးပါမှု၊ အရေးတကြီးဆောင်ရွက်ရန်လိုအပ်မှုနှင့် အလုံးစုံလိုက်နာ ဆောင်ရွက်ရမည့်လိုအပ်ချက်များ” ဖြစ်သည်။ ပါတီတွင်းမိမိကိုယ်ကိုအုပ်ချုပ်မှု (self-governance)က အဘယ့်ကြောင့်အရေးကြီးသလဲနှင့် အောင်မြင်သည့်အုပ်ချုပ်ရေး၊ တည်ကြည်သော စီမံခန့်ခွဲမှုနှင့် ထွန်းလင်းတောက်ပမှုများ ရေရှည်ရပ်တည်ရေးတို့အတွက် အမြဲတမ်း မိမိကိုယ်ကိုဆင်ခြင် သုံးသပ်နေရမည့် ရှုထောင့်များ၊ တရုတ်ကွန်မြူနစ်ပါတီ၏ ခေတ်နှင့်အညီပေါ်ထွန်းလာသည့် နိုင်ငံရေးဒဿနအသစ်များ ပါဝင်သည်။ ထို့အပြင် နှစ်ပေါင်းထောင်ချီသော တရုတ်လူမျိုးတို့၏သမိုင်းတစ်လျှောက် နိမ့်တစ်ခါ မြင့်တစ်လှည့် ကြုံတွေ့ခဲ့ရသည့် အနိမ့်အမြင့်သံသရာကို အဆုံးသတ်၍ နိမ့်ပါးခြင်းအခြေအနေသို့ မည်သည့်အခါမျှ ပြန်လည်မကျရောက်စေရန် တရုတ်ကွန်မြူနစ်ပါတီကအဖြေနှစ်ရပ်ကို ထုတ်ပြန်ထား သည်။ “(၁) အစိုးရအပေါ်ပြည်သူလူထုက စောင့်ကြည့်ထိန်းကျောင်းမှု (the people’s oversight over government) နှင့် (၂) တရုတ်ကွန်မြူနစ်ပါတီ၏ မိမိကိုယ်ကိုပြုပြင်ပြောင်းလဲခြင်း (the Party’s self-reform)” ဟူ၍ဖြစ်သည်။
နိုင်ငံရေးပါတီတစ်ခုအနေဖြင့် မိမိကိုယ်ကိုပြုပြင်ပြောင်းလဲခြင်း (Self-reform) ကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် ဆုံးဖြတ်ချက် (Resolution) အဖြစ်ချမှတ်ထားခြင်းသည် “ခေ” သူမဟုတ်သော နိုင်ငံရေးသမားများ (တစ်နည်းအားဖြင့်) “ဇ” ရှိသောနိုင်ငံရေးပါတီများကသာ လုပ်နိုင်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ပါတီတွင်း Self-reform လုပ်ဆောင်ရန်အတွက် မိမိပါတီနှင့် ပါတီဝင်တို့၏ အားနည်းချက်ကို ရှာဖွေဖော်ထုတ်နိုင်ရမည်၊ မိမိတို့၏ အမှားများကို ပြန်လည်ပြင်ဆင်နိုင်ရမည့်အပြင် ရှိရင်းစွဲ အတွေးအမြင်နှင့် အလေ့အကျင့်များကို အသစ်ပြုပြင်ပြောင်းလဲနိုင်ရမည်။ ဤအဆင့်များအားလုံးသည် လွယ်ကူစွာဆောင်ရွက်နိုင်သောအရာများမဟုတ်ဘဲ ပြုပြင်ပြောင်းလဲခြင်းကို အမှန်တကယ်တန်ဖိုးထား နားလည်ပြီး လုပ်ဆောင်လိုစိတ်၊ လုပ်ဆောင်နိုင်မည်ဟုယုံကြည်သည့် ယုံကြည်ချက်များလိုအပ်သည်။
■ အင်အားကြီးသောတရုတ်ကိုဖြစ်စေသည့် ရှီကျင့်ဖျင်၏အတွေးအခေါ်များ
ဤနေရာတွင် ဥရောပစောင့်ကြည့်လေ့လာသူ ပညာရှင်တို့၏မှတ်ချက်တစ်ခုကိုလည်း ဖော်ပြလိုပါသည်။ “အနောက်တိုင်းသုတေသီတို့ မှတ်ချက်ပြုထားသည်မှာ တရုတ်နိုင်ငံဟာ မော်စီတုန်းကြောင့် မတ်တပ်ရပ် နိုင်ခဲ့ပြီး တိန့်ရှောင်ဖိန်နှင့်ချမ်းသာလာခဲ့ကာ ရှီကျင့်ဖျင်လက်ထက်မှာ ဂုဏ်သိက္ခာကြီးမား၍ အင်အားလည်း သန်မာကြီးထွားလာခဲ့ပြီ” ဟူ၍ဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီ၏ (၁၈)ကြိမ်မြောက် အမျိုးသားကွန်ကရက်အစည်းအဝေးကြီးမှစကာ ရှီကျင့်ဖျင် ဦးဆောင်သည့် ပါတီ၏ဗဟိုကော်မတီသည် ပါတီတွင်းအင်အားချိနဲ့မှုကိုဖြစ်စေမည့် အားနည်းခြင်း၊ ကြိုးစားအားထုတ်မှုမထိရောက်ခြင်း၊ အင်အားကျဆင်းနိုင်ဖွယ်ရှိသည့် အုပ်ချုပ်မှုအရည်အသွေး၊ အကျင့်ပျက်ခြစားခြင်း စသည့် ပါတီ၏ကျစ်လစ်ခိုင်မာမှု၊ အင်အားတောင့်တင်းမှုနှင့် အောင်မြင်သည့်ပါတီ တစ်ခုအတွက် အနှောင့်အယှက်နှင့် အန္တရာယ်တို့ကို စနစ်တကျ ကိုင်တွယ်ဖယ်ရှားနိုင်ခဲ့ပြီးဖြစ်ကာ ပါတီတွင်းမိမိကိုယ်ကို တော်လှန်ခြင်းကို ဗဟိုကော်မတီက အထိရောက်ဆုံးကိုင်တွယ်ပြုပြင်နိုင်ခဲ့သည်။ ထို့ကြောင့်လည်း အင်အားရှိသော ပါတီ၏ဦးဆောင်မှု၊ ဗဟိုကော်မတီ၏ခေါင်းဆောင်မှုတို့က တရုတ်ကွန်မြူနစ်ပါတီကို စည်းလုံးညီညွတ်သည့်ပါတီဖြစ်စေရန် အားဖြည့်ပေးခဲ့သည်။
ခေတ်သစ်ကာလအတွက် တရုတ်ဝိသေသလက္ခဏာရှိသော ဆိုရှယ်လစ်ဝါဒဆိုင်ရာ ရှီကျင့်ဖျင်၏ အတွေးအခေါ်များသည် တရုတ်ကွန်မြူနစ်ပါတီနှင့် ပါတီဝင်များ၊ တရုတ်နိုင်ငံနှင့် တရုတ်ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ အုပ်ချုပ်မှု၊ ခွန်အားသစ်လောင်းခြင်း အစရှိသည်တို့အတွက် ခိုင်မာသောလမ်းညွှန်ချက်များ ဖြစ်သည်။ ထို့ကြောင့်လည်း ရှီကျင့်ဖျင်ဦးဆောင်မှုရှိသော တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီသည် အဆိုပါ အတွေးအခေါ်ဒဿနများက မွေးထုတ်သော အခြေခံမူဝါဒများ၊ အိုင်ဒီယာနှင့်မဟာဗျူဟာ အသစ်များဖြင့် ယနေ့ခေတ်သစ်ကာလ၏ ပြည်တွင်းပြည်ပ စိန်ခေါ်ချက်များကို ရင်ဆိုင်ဖြေရှင်းရန် ပါတီတစ်ခုလုံးက ယုံကြည်မှု တည်ကြည်ခိုင်မာလျက်ရှိနေကြောင်းလည်း တွေ့ရသည်။
ထို့အပြင် ရှီကျင့်ဖျင်၏ အုပ်ချုပ်မှုဆိုင်ရာအတွေးအခေါ်များ၊ နိုင်ငံရေးဒဿနများနှင့် မဟာဗျူဟာများသည် တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်နိုင်ငံနှင့် တရုတ်နိုင်ငံသားများအတွက်သာမကဘဲ ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းပြည်များအကြား အချုပ်အခြာအာဏာ တန်းတူညီမျှခွင့်ရှိရေးတို့ အတွက်လည်း မျှတ၍အပြုသဘောဆောင်သည့် သက်ရောက်မှုများကို ဖြစ်စေသည်။ ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ၏ စုစည်းမှုနှင့် အရေးဆိုကိုယ်စားပြုမှုများလည်း ပို၍တိုးတက်မြင့်မားလာသည်။
■ ကွန်မြူနစ်ပါတီ၏မူလစိတ်ဝိဉာဉ်တို့ ဆက်လက်ရှင်သန်စေရေး
Resolution ၏ အပိုင်း (၂)သည် “ကွန်မြူနစ်တို့၏ပါတီစိတ်ဓါတ်များ ရှင်သန်ထက်မြက်စေရေး” ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီသည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၅ နှစ်က စတင်တည်ထောင်ခဲ့ပြီး အန္တိမရည်မှန်းချက်မှာ “တရုတ်ပြည်သူများ၏ပျော်ရွှင်မှုကို ရှာဖွေဖြည့်ဆည်းပေးရန်” နှင့် “တရုတ်နိုင်ငံတော်၏ အမျိုးသားပြန်လည် ခွန်အားသစ်လောင်းခြင်း” ဟူသည့် ရည်မှန်းချက်နှစ်ခုဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီက ထိုရည်မှန်းချက်နှစ်ခုလုံးကို ပါတီတည်ထောင်လာခဲ့သည့် ရာစုနှစ်တစ်ခုကျော်ကာလတစ်လျှောက်လုံး မေ့လျော့သွားခြင်းမရှိဘဲ ပါတီဝင်တို့အကြား အမြဲနိုးကြားသတိရနေစေရန်၊ ပြည်သူကိုဗဟိုပြုခြင်းအား အစဉ်အမြဲဦးထိပ်ပန်ထားရန် နှိုးဆော်လျက်ရှိပြီး ကွန်မြူနစ်ပါတီ၏စိတ်ဓါတ်များ ရှင်သန်ထက်မြက်စေရေး သည် ပါတီဝင်များအတွက် အခြေခံအကျဆုံးတာဝန်ပင်ဖြစ်ကြောင်း တွေ့ရသည်။ ဒါ့အပြင် ကွန်မြူနစ်ပါတီ ၏စိတ်ဓါတ်များ ရှင်သန်ထက်မြက်စေရေးသည် ပါတီဝင်များအတွက် အသက်ထက်ဆုံးကျင့်သုံးသွားရမည့် စိတ်ဓါတ်လည်းဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီဝင်များသည် တရုတ်ကွန်မြူနစ်ပါတီကို ချစ်ခင်မှု၊ ပါတီအတွက်ရပ်တည်မှု၊ ပါတီကို ကာကွယ်စောင့်ရှောက်မှု၊ ပါတီအတွက်အလုပ်လုပ်ခြင်း၊ ပါတီအပေါ်ယုံကြည်ကိုးစားမှု၊ လေးစားမှုတို့ ရှိရမှာဖြစ်ပြီး စောင့်ကြည့်ထိန်းကျောင်းခြင်းကို စိတ်အားထက်သန်စွာလက်ခံနိုင်ရမည်။ ထိုမျှမကသေးဘဲ အမှန်တရားကိုသာပြောဆိုရမည်၊ ရိုးသားစွာလုပ်ဆောင်ရမည်၊ လိမ်ညာလှည့်ဖြားခြင်းမရှိ စစ်မှန်ရမည်၊ စိတ်သဘောထားကြီးမြတ်၍ ပွင့်လင်းရိုးသားရမည်။ ပြည်သူကိုအစဉ်အမြဲ ဦးစားပေးနံပါတ် (၁) နေရာမှာထားရမည်ဖြစ်ပြီး ပါတီနှင့်ပြည်သူအတွက် အလုပ်ကြိုးစားကြရမည်။ လိုအပ်လျှင် မိမိကသာ စတေးခံရမည်။ ထို့ပြင် ပါတီ၏နိုင်ငံရေးစည်းကမ်းနှင့်နိုင်ငံရေးစည်းမျဉ်းများကိုတင်းကျပ်စွာလိုက်နာကျင့်သုံးရန် ဖော်ပြထားပြီး ပါတီအတွင်းရှိနိုင်ငံရေးပတ်ဝန်းကျင်ကိုသန့်စင်ကောင်းမွန်အောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း တွေ့ရသည်။ တစ်နည်းအားဖြင့်ဆိုရသော် တရုတ်ကွန်မြူနစ်ပါတီ သည် ပါတီအတွင်းမှာပင် Check and Balance ပြုလုပ်နေခြင်းဖြစ်သည်။
■ အကျင့်ပျက်ခြစားမှုအားတိုက်ဖျက်ခြင်း
တိုင်းပြည်တစ်ပြည်တိုးတက်ဖွံ့ဖြိုးမှုကို နှောင့်ယှက်သည့် အကြောင်းအရာများတွင် အကျင့်ပျက်ခြစားခြင်း (လာဘ်ပေးလာဘ်ယူရှိခြင်း) ကလည်း ကြီးမားသည့်သက်ရောက်မှုတစ်ခုဖြစ်သည်။ အကျင့်ပျက်ခြစားခြင်း ကို ထိထိရောက်ရောက် မတိုက်ဖျက်နိုင်သည့်တိုင်းပြည်တို့သည် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို အောင်မြင်စွာအကောင်အထည်မဖော်နိုင်ကြပေ။ တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် (၂၀)မြောက် ဗဟိုကော်မတီ၏ (၅)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးက ချမှတ်လိုက်သည့် Resolution ၏ အပိုင်း (၇)သည် အကျင့်ပျက်ခြစားခြင်းကို ထိထိရောက်ရောက်နှိမ်နင်းတိုက်ဖျက်ရန် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း၊ ပြည်သူလူထု၏ အခြေခံရပိုင်ခွင့်များအတွက် အနှောင့်အယှက်ဖြစ်စေသော၊ ပြည်သူများအကြားစိတ်ဝမ်းကွဲစေသည့် အကျင့်ပျက်ခြစားမှုကို ထိထိရောက်ရောက်ကိုင်တွယ် ဖြေရှင်းသွားမည်ကို သမ္မတရှီကျင့်ဖျင်က ၂၀၁၂ ခုနှစ်က ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီ (၁၈) ကြိမ်မြောက် ဗဟိုကော်မတီ၊ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်များ၏ သတင်းစာရှင်းလင်းပွဲ မိန့်ခွန်းမှာကတည်းက ခိုင်မာစွာထည့်သွင်းပြောကြားခဲ့သည်။
အရာရှိများအနေဖြင့် အကျင့်ပျက်ခြစားမှုကိုမကျူးလွန်ရဲစေရေး (ကျူးလွန်ရန်သတ္တိမရှိစေရေး)၊ ကျူးလွန်ရန်အခွင့်အလမ်းမရှိစေရေးနှင့် ကျူးလွန်လိုစိတ်မရှိစေရေးတို့အတွက် ဘက်ပေါင်းစုံမှ ပေါင်းစပ်ညှိနှိုင်း၍ အစီအမံများချမှတ်ဆောင်ရွက်ခြင်းသည် ပါတီတွင်းအုပ်ချုပ်မှုအတွက် အရေးကြီးသော မူဝါဒတစ်ရပ်ဖြစ်သကဲ့သို့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအတွက်လည်း အခြေခံကျသော မူတစ်ရပ်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် (၂၀)မြောက် ဗဟိုကော်မတီ၏ (၅)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးက ချမှတ်ထားပြီး “အကျင့်ပျက်ခြစားခြင်း” နှင့် “တရုတ်ကွန်မြူနစ်ပါတီ” သည် မည်သည့်အခါမျှ ယှဉ်တွဲမရှိသင့်သည် မီးနှင့်ရေ ကဲ့သို့ပြတ်ပြတ်သားသားရှိလှသည်။
အကျင့်ပျက်ခြစားခြင်းမရှိစေရေးတွင် တရုတ်ကွန်မြူနစ်ပါတီက “Three Nos” ဗျူဟာဖြင့် ကျယ်ကျယ်ပြန့်ပြန့် တားဆီးတိုက်ဖျက်ထားသည်ကိုလည်း လေ့လာတွေ့ရှိရသည်။ “Three Nos” ဗျူဟာဆိုသည်မှာ သက်ဆိုင်ရာနယ်ပယ်ပတ်ဝန်းကျင်တွင် အရာရှိများအနေဖြင့် အကျင့်ပျက်ခြစားခြင်းကို မကျူးလွန်ရဲခြင်း၊ ကျူးလွန်နိုင်မည့် အခြေအနေမရှိစေခြင်းနှင့် ကျူးလွန်လိုစိတ်မရှိစေရေးတို့ဖြင့် နှစ်ကာလ ကြာရှည်စွာပင်ကျင့်သုံးခဲ့သည်ကိုလည်း လေ့လာသိရှိရပါသည်။
တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် (၂၀)မြောက် ဗဟိုကော်မတီ၏ (၅)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးသည် (၂၁) ကြိမ်မြောက် အမျိုးသားကွန်ကရက်အစည်းအဝေးကို ၂၀၂၇ ခုနှစ်၏ ဒုတိယနှစ်ဝက်အတွင်းတွင် ပေကျင်း၌ကျင်းပရန် သတ်မှတ်ခဲ့သည်။