
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်
လူမှုကွန်ရက်တွင် UWSA ၏ ပုံရိပ်ကို ကျဆင်းစေသည့် လိင်အသားပေးဗွီဒီယို ဖြန့်ဝေသူများ၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းများ သုံးစွဲ/ရောင်းဝယ်မှုကို ရိုက်ကူးတင်ဆက်သူများ၊ ဖြန့်ဝေသူများ၊ သတင်းအမှား ဖြန့်ဝေသူများ ကို ဖမ်းဆီးအရေးယူသွားမည်ဖြစ်သည်ဟု “ဝ” တပ် UWSA က ထုတ်ပြန်ကြေညာထားသည်။
လူမှုကွန်ရက်စာမျက်နှာ (TikTok ၊ Facebook ၊ We Chat) တွင် သတင်းအမှား ဖြန့်ဝေသူများ၊ တရားမဝင် ဗွီဒီယို ရိုက်ကူးတင်ဆက်သူများကို အရေးယူသွားမည်ဖြစ်ကြောင်း “ဝ” ပြည်နယ် တရားရေးဌာနက ထုတ်ပြန်ထားခြင်း ဖြစ်သည်ဟု “ဝ” ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။
UWSA အမှတ်တံဆိပ်ပါ ဝတ်စုံဖြင့် လိင်အသားပေး ဖော်ပြထားသည့် ရုပ်သံဗွီဒီယို တစ်ခု လူမှုကွန်ရက်တွင် ပြန့်နှံ့ လာခဲ့ပြီးနောက် ယင်းကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။
“ဝ” ပြည်နယ် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အင်တာနက်ပေါ်တွင် စည်းကမ်းဖောက်ဖျက်မှုများကို စစ်ဆေးမည့် တပ်ဖွဲ့အသစ်ကို ဖွဲ့စည်းလိုက်ကြောင်း UWSP သတင်းတွင် ဖော်ပြထားသည်။
အဆိုပါအဖွဲ့မှ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ သတင်းအမှားနှင့် ကောလာဟလသတင်းများ ဖြန့်ဝေမှု၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းများ အွန်လိုင်းပေါ်တင် ရောင်းချမှုများကို တင်းကြပ်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စည်းကမ်းဖောက်ဖျက်သည့် ဗီဒီယိုဖိုင် ၁၀၀ ကျော်ကိုဖျက်ဆီးနိုင်ခဲ့ပြီး သက်ဆိုင်သူများကို သတိပေးတားမြစ်ခြင်း၊ ဒဏ်ငွေရိုက်ခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။