
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၂
သတင်းထောက်ကတ် သုံး၍ ငွေကြေးတောင်းခံမှုများကို အထောက်အထားခိုင်လုံစွာ တင်ပြလာပါက အရေးယူမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပြန်ကြားရေးဝန်ကြီးဌာနက သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များ လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် သတင်းမီဒီယာဥပဒေ အခန်း (၃)၊ ပုဒ်မ ၄၊ ၅၊ ၆၊ ၇ နှင့် ၈ တို့တွင် သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များကိုလည်းကောင်း၊ အခန်း (၄)၊ ပုဒ်မ ၉ တွင် သတင်းမီဒီယာသမားများ လိုက်နာရမည့် တာဝန်နှင့် ကျင့်ဝတ်များကိုလည်းကောင်း ပြဋ္ဌာန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်းထောက်ကတ်များကို အသုံးပြု၍ စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များ၊ တရားမဝင်သစ်ခိုးယူမှုများ၊ လောင်းကစားလုပ်ငန်းများနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများတွင် ငွေကြေးတောင်းခံခြင်း၊ မလျော်ဩဇာသုံး၍ ခြိမ်းခြောက်ခြင်းများအပေါ် အထောက်အထားခိုင်လုံစွာ တင်ပြလာပါက သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။