MyTech Myanmar

ကမ္ဘာတစ်ဝန်း မှောင်ခိုဝက်ဘ်ဆိုက် (Dark Web) နှိမ်နင်းမှုမှာ လူ ၃၅၀ ကျော် ဖမ်းဆီးရမိ

အမေရိကန်နဲ့ ဥရောပ ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး ကမ္ဘာတစ်ဝန်း မှောင်ခိုဝက်ဘ်ဆိုက် (Dark Web) အသုံးပြုသူတွေကို အကြီးအကျယ် နှိမ်နင်းရာမှာ လူ ၃၅၄ ဦးကို ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးတွေ၊ လက်နက်တွေနဲ့ ငွေကြေး အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ပါတယ်။

 

ဥရောပသမဂ္ဂ ရဲတပ်ဖွဲ့ (Europol) က ဦးဆောင်ပြီး "Operation TorNado" လို့ အမည်ပေးထားတဲ့ အဲဒီ စစ်ဆင်ရေးကို ၂၀၂၅ ခုနှစ် မေလကနေ ၂၀၂၆ ခုနှစ် အောက်တိုဘာလအထိ နိုင်ငံပေါင်း ၁၄ နိုင်ငံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိမှု အများဆုံး အနေနဲ့ အမေရိကန်မှာ ၁၃၂ ဦး၊ ဗြိတိန်မှာ ၅၉ ဦး၊ ဟန်ဂေရီမှာ ၄၅ ဦး၊ ဂျာမနီမှာ ၄၁ ဦးနဲ့ ပြင်သစ်မှာ ၂၃ ဦး အသီးသီး ပါဝင်ပါတယ်။

 

အဲဒီ စစ်ဆင်ရေးအတွင်း ဥရောပမှာ တရားမဝင် မူးယစ်ဆေးဝါး တန်ချိန် ၁ တန်နီးပါးကို သိမ်းဆည်းနိုင်ခဲ့ပြီး အမေရိကန်မှာတော့ မူးယစ်ဆေးဝါး ၄.၈ တန်ကျော်၊ သေနတ် ၁၅၂ လက်နဲ့ ငွေသားနဲ့ ခရစ်ပတိုငွေကြေး ယူရို သန်း ၁၅၀ ကျော် (ဒေါ်လာ ၁၆၆ သန်း) ကို သိမ်းဆည်းရမိခဲ့ပါတယ်။ မှောင်ခိုဝက်ဘ်ဆိုက်ကို အသုံးပြုပြီး ဖန်တနိုင်း (fentanyl) လို အန္တရာယ်ရှိတဲ့ မူးယစ်ဆေးဝါးတွေ ရောင်းချနေသူတွေကို အခုစစ်ဆင်ရေးကနေတစ်ဆင့် ပြင်းပြင်းထန်ထန် သတိပေးလိုက်တာ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ပြောကြားခဲ့ပါတယ်။

Ref : Bangkokpost

မူရင်းသတင်း — MyTech Myanmar