Myanmar Digital News

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ထိခိုက်နိုင်မှုအန္တရာယ်အလေးထား

ယခုကာလတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် အစွန်းရောက်ရာသီဥတုဖြစ်စဉ်များကို သတိပြုနေထိုင်ရသည့် အခြေအနေအချိန်အခါဖြစ်သည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာရာသီဥတုဗဟိုဌာနများ၏ ထုတ်ပြန်ချက်များကိုအခြေခံ၍ ပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် ပုံမှန်အပူချိန်ထက် ၂ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်မှ ၂ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အထိပိုနေပြီး လေထုဖြစ်စဉ်များမှာ အလွန်အားကောင်းသော အယ်လ်နီညိုအဆင့်တွင်ရှိနေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၂၆ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် အယ်လ်နီညိုအမြင့်ဆုံးအဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

 

အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်း၊ လာမည့် ဆောင်းရာသီနှင့် နွေရာသီကာလများတွင် အပူချိန်မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့်အစွန်းရောက်ရာသီဥတုဖြစ်စဉ်များဖြစ်ပွားမည်ဟု မိုးလေဝသဌာနများက ခန့်မှန်းထားခဲ့သည်။ အဆိုပါခန့်မှန်းချက်အတိုင်း ယခုနိုဝင်ဘာလဆန်းတွင် အလွန်ပူပြင်းသော ရာသီဥတုအပူရှိန်ကို နိုင်ငံတစ်ဝန်း၌ခံစားကြရပြီး အပူရှိန်ကြောင့်ပြည်သူများ၏ ကျန်းမာရေးထိခိုက်ခံစားရမှုများဖြစ်ပေါ်ခဲ့သည်။ အစွန်းရောက် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် ဖောက်လှဲဖောက်ပြန် အပြောင်းအလဲမြန်ဆန်ပြီး တစ်နေ့နှင့်တစ်နေ့မတူ အပူရှိန်ပြင်းတစ်ရက်၊ အပူရှိန်လျော့တစ်ရက်ဖြင့် အပြောင်းအလဲမြန်သောရာသီဥတုဖြစ်စဉ်များနှင့် ကြုံတွေ့ခဲ့ရသည်။

 

နိုဝင်ဘာလ ပထမပတ်ကျော်လွန်သည်နှင့် အပူရှိန်ပြင်းထန်မှုရာသီဥတုအခြေအနေမှာ ရုတ်တရက်ပြောင်းလဲဖြစ်ပေါ်ခဲ့ပြီး ယခုရက်ပိုင်းတွင် အပူရှိန်လျော့နည်း၍ မိုးရွာသွန်းမှုနှင့်အတူ အအေးပိုသည့်အခြေအနေများ ကြုံတွေ့လာပြန်သည်။ မိုးလေဝသဌာနက နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ တိုက်ခတ်လာသော လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ တိုက်ခတ်လာသော လေအေးများတွေ့ဆုံမှုကြောင့် နိုဝင်ဘာလ ၁၀ ရက်နေ့ညမှ ၁၂ ရက်နေ့အတွင်း မြန်မာနိုင်ငံအထက်ပိုင်းဒေသများနှင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနှင့် အချို့ဒေသများတွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်သည်ဟု သတင်းထုတ်ပြန်ထားသည်။

 

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ တိုက်ခတ်လာသော လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ တိုက်ခတ်လာသော လေအေးများတွေ့ဆုံမှုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသများအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံခြင်းအခြေအနေများကို ကြိုတင်သတိပြုကြရန်လိုပြီး ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းဝေး၊ ကမ်းနီးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန် သတိပေးထားသည်။

 

နိုဝင်ဘာလ ၁၂ ရက်ကျော်လျှင် အချို့နေရာများ၌ မိုးရွာသွန်းမှုလျော့နည်းသွားပြီး အပူချိန်ကျဆင်းကာ အအေးပိုလာမည်ဟု အသိပေးထားသည်။ ယခုရက်ပိုင်းများတွင် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ တိုက်ခတ်လာသော လေအေးများကြောင့် အအေးပိုလာမည်ဟု အသိပေးထားသည်။ နိုဝင်ဘာလ ၁၂ ရက်နေ့မှစ၍ မြန်မာနိုင်ငံအောက်ပိုင်းတွင် မိုးအနည်းငယ်ရွာသွန်းပြီး အအေးပိုလာသည်ကို ကြုံတွေ့ခံစားကြရသည်။ ဆက်လက်၍ အအေးပိုလာမည်ဟုဆိုသည်နှင့်အညီ အယ်လ်နီညိုဖြစ်စဉ်၏ အပြောင်းအလဲမြန်သောအခြေအနေများကြောင့်လည်းကောင်း၊ ဆောင်းရာသီကာလရောက်ရှိလာသည့်အခြေအနေနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ တိုက်ခတ်လာသောလေအေးများ၏အရှိန်ကို သိသာစွာခံစားကြရသည်။ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူရှိန်ပြင်းထန် မည်ဟုဆိုထားသော်လည်း ယခုဖြစ်စဉ်ကြောင့် အပူရှိန်ပျောက်ပြီး အလွန်အေးသည့် ခံစားမှုများဖြစ်လာခဲ့သည်။

 

အပြောင်းအလဲမြန်ဆန်သည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် လတ်တလောတွင် အလွန်အေးသည့်အခြေအနေနှင့် ကြုံတွေ့နေရပြီး မကြာမီကာလများတွင် အလွန်ပူသည့်အခြေအနေများကို ပြန်လည်ကြုံတွေ့ကြရဦးမည်ဖြစ်သည်။ ထို့ကြောင့် အပူချိန် အတက်၊ အကျ အပြောင်းအလဲမြန်ဆန်မှုများကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးအန္တရာယ်များကို အထူးသတိပြုကြရမည်ဖြစ်သည်။ အလွန်ပူရာမှ အလွန်အေးသည့်အခြေအနေခံစားကြရမှုကြောင့် အအေးမိခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုး၊ ဖျားနာ၊ နှလုံးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စသည့်ကျန်းမာရေးထိခိုက်နိုင်မှုများကို ကြိုတင်သတိပြု၍ ကျန်းမာအောင်နေထိုင်ပြုမူကြပြီး ရာသီဥတုဆိုင်ရာ ရောဂါအမျိုးမျိုးဖြစ်ပေါ်လာပါက နီးစပ်ရာဆေးကုသမှု ခံယူကြရန်လိုအပ်သည်။ သို့ဖြစ်ရာ အပြောင်းအလဲမြန်ဆန်သည့် ရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် ဆင်ခြင်နေထိုင်ကြရန် အသိပေးအပ်ပါကြောင်း။ ။

မူရင်းသတင်း — Myanmar Digital News