Myanmar Digital News

မြန်မာဟူသော တစည်းတလုံးတည်းစိတ်ဓာတ်ဖြင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်

မိမိတို့နိုင်ငံတွင် မတူကွဲပြားသည့် လူမျိုးစုပေါင်း ၁၃၅ မျိုးတို့ အေးအတူပူအမျှ အတူတကွ စုပေါင်းနေထိုင်ကြသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟုခေါ်ဆိုသည့် ဤမြေ ဤရေတွင် မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသူ တိုင်းရင်းသား၊ နိုင်ငံသူ နိုင်ငံသားအားလုံးတို့မှာ နိုင်ငံတော်၏ပိုင်နက်နယ်နိမိတ်အတွင်း ဥပဒေနှင့်အညီ တန်းတူညီမျှ လွတ်လပ်စွာနေထိုင်ခွင့်ရှိကြသည်။ ဤအခွင့်အရေးသည် မိမိတို့ မြန်မာနိုင်ငံတော်ကြီး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေသရွေ့ရရှိနေမည့် မြန်မာလူမျိုးအားလုံးတို့၏ ရပိုင်ခွင့်အခွင့်အရေးဖြစ်သည်။

 

မြန်မာလူမျိုးဟူသည် ကိုယ်ပိုင်ဝိသေသလက္ခဏာအသီးသီးတို့ ပိုင်ဆိုင်ထားကြသူများဖြစ်သည့်အလျောက် ယဉ်ကျေးမှုများပြည့်စုံသည်။ ဓလေ့ထုံးတမ်းတို့ များပြားသည်။ အရောင်အသွေးတို့ စုံလင်သည်။ ရောင်စုံပန်းများ အဆန်းတကြယ် ဝေဆာပွင့်ဖူးနေသည့် ဥယျာဉ်ကြီးသဖွယ်ပင်ဖြစ်သည်။ သို့ရာတွင် အစွဲမကျွတ်နိုင်သူ၊ အမြင်ကျဉ်းမြောင်းသူ၊ အစွန်းတစ်ဖက်ရောက်နေသည့် အတွေးအခေါ် သေးသိမ်နုံ့နဲ့သူအချို့ကမူ ဤနိုင်ငံတော်ကြီးတွင် မိမိတို့က တသီးတသန့်ဖြစ်၍ မည်သူနှင့်မျှမတူဟူ၍ မိမိဘာသာ ယူဆကြသည်။ ခြံကြီးထဲတွင် ခြံငယ်ခတ်၍ မောင်ပိုင်စီးကာ ဘယ်သူမှမဝင်ရဟူ၍ ငါတကော ကောချင်ကြသည်။ စင်စစ်မြန်မာနိုင်ငံ၏ မည်သည့်နေရာ ဒေသတွင်မှ လူမျိုးတစ်မျိုးတည်း ပိုင်သည့်နေရာဟူ၍ မရှိ။

 

လူအချို့၏ အတ္တတို့မှာ အတိုင်းအဆ မသိလောက်အောင် လွန်စွာကြီးမားလှသည်ဖြစ်ရာ ယင်းအတ္တ၏တိုက်တွန်းမှုကြောင့် ပြည်ထောင်စုကြီး၏ နယ်မြေအစိတ်အပိုင်းတို့ကို ဖြိုချင်၊ ခွဲချင်၊ ဖဲ့ထုတ်စိတ်ပိုင်းချင်ကြသည်။ အချုပ်အခြာအာဏာဆုံးရှုံးသွားနိုင်သည့် ကြီးမားလှစွာသော အန္တရာယ်ကိုမြင်နိုင်သည့် ဉာဏ်ပညာကင်းမဲ့စွာဖြင့် တိုင်းဖျက်ပြည်ဖျက်လုပ်ရပ်တို့ကို တစိုက်မတ်မတ် ကျူးလွန်ကြသည်။ စည်းလုံးညီညွတ်မှုမရှိခြင်း၊ အတွေးအခေါ် အမြော်အမြင်နည်းပါးခြင်းနှင့် အတ္တကိုရှေ့တန်းတင်ခြင်းတို့က နိုင်ငံနှင့်လူမျိုးတို့အား ကျွန်ဘဝ ကျရောက်စေခဲ့သည့် သမိုင်းသင်ခန်းစာများကို ပြန်လည်အမှတ်ရကြရန်လိုသည်။

 

မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးဆုံးရှုံးမှုဆိုလျှင် အိန္ဒိယလူမျိုးတို့ကိုယ်တိုင် မိမိတို့ကျွန်ဘဝသို့ ရောက်ရှိသွားပြီဖြစ်ကြောင်းကို နှစ်ပေါင်း ၁၀၀ ခန့် ကြာပြီးမှ သိခဲ့ကြခြင်းဖြစ်သည်။ အိန္ဒိယကို ဖြည်းဖြည်းချင်း ဝါးမြိုခဲ့သည့် ဗြိတိသျှတို့သည် ၁၇ ရာစုတွင် ကုန်သွယ်ရောင်းဝယ်ရေးကုမ္ပဏီအဖြစ် စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယကို အုပ်ချုပ်နေသည့် မဂိုအင်ပါယာ ပဒေသရာဇ်များထံမှ ကုန်သွယ်ခွင့်နှင့် ကုန်လှောင်ရုံဆောက်ခွင့်တို့ကို အခွန်ပေးပြီးတောင်းခံခဲ့ကြသည်။ ထို့နောက် ၎င်းတို့၏ ကုန်ပစ္စည်းများကို ကာကွယ်ရန်ဟူသောအကြောင်းပြချက်ဖြင့် ကုန်လှောင်ရုံများကို အခိုင်အမာခံတပ်များအဖြစ် ဆောက်ခဲ့သလို တိုင်းရင်းသားများအား လစာကောင်းကောင်းပေးပြီး ကိုယ်ပိုင်စစ်တပ်ဖွဲ့စည်းခဲ့သည်။ သို့ဖြစ်ရာ အိန္ဒိယသားတို့ကိုယ်တိုင် နိုင်ငံခြားကုမ္ပဏီအတွက် အလုပ်လုပ်ပေးရင်း ကိုယ့်နိုင်ငံကို ပြန်သိမ်းပိုက်ပေးသကဲ့သို့ ဖြစ်ခဲ့သည်။

 

၁၈ ရာစုအစောပိုင်းတွင် မဂိုအင်ပါယာ အားနည်းလာကာ အိန္ဒိယနယ်စားပယ်စား ပဒေသရာဇ်အချင်းချင်း နယ်လုတိုက်ခိုက်လာကြသည်။ အဆိုပါစစ်ပွဲများတွင် ဗြိတိသျှတို့က နယ်စားပယ်စားတစ်ဖက်ဖက်မှ ဝင်ကူတိုက်ပေးပြီး အနိုင်ရသည့်အခါ နယ်မြေပိုင်ခွင့်နှင့် အခွန်ကောက်ခွင့် စသည်တို့ကို အပေးအယူလုပ်ခဲ့သည်။ ဤနည်းဖြင့် အမြတ်ထုတ်ခဲ့ရာ တဖြည်းဖြည်းနှင့် နန်းတော်များပေါ်တွင် အိန္ဒိယမဟာရာဂျာများ ဆက်ရှိနေသော်လည်း ဘဏ္ဍာရေး၊ စစ်ရေး စသည့်အာဏာအားလုံးတို့မှာ ဗြိတိသျှကုမ္ပဏီလက်ထဲသို့ ရောက်ရှိသွားပြီဖြစ်သည်။ သာမန်ပြည်သူများ၏အမြင်တွင် နန်းတော်ပေါ်၌ ကိုယ့်ဘုရင် ရှိနေခြင်းကို မြင်နေရသည့်အတွက် တိုင်းပြည်ကျွန်ဘဝရောက်သွားသည်ကို မသိခဲ့ကြ။ နှစ်ပေါင်း ၁၀၀ ကျော်ကြာပြီး ၁၈၅၇ ခုနှစ်ရောက်မှသာ အိန္ဒိယပြည်သူများနှင့် ဗြိတိသျှကုမ္ပဏီ၀န်ထမ်း အိန္ဒိယသား စစ်သည်များမှာ မိမိတို့၏ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် အချုပ်အခြာအာဏာတို့အားလုံး ဆုံးရှုံးသွားပြီဖြစ်သည်ကိုသိရှိပြီး ပထမဆုံးအကြိမ် အကြီးအကျယ်ပုန်ကန်ထကြွခဲ့ကြသော်လည်း အရေးနိမ့်ခဲ့ကြရသည်။ နယ်ချဲ့တို့က ပရိယာယ်ကြွယ်ဝစွာဖြင့် အိန္ဒိယဘုရင် ရာဂျာတို့ကိုရုပ်ပြထား၍အသုံးချကာ နောက်ကွယ်မှနေ၍ ငွေကြေးနှင့် စစ်ရေးအာဏာကို တဖြည်းဖြည်းသိမ်းယူသွားခဲ့ခြင်းကြောင့် အိန္ဒိယသည် လွတ်လပ်ရေးဆုံးရှုံး၍ ဆုံးရှုံးမှန်းမသိဘဲ ကျွန်ဘဝသို့ရောက်ခဲ့ရသည်မှာ သမိုင်းမှပေးသော သင်ခန်းစာဖြစ်သည်။

 

ပြင်ပ ပယောဂများဟူသည် အတွင်းမှ ကိုယ်ခံအားကောင်းနေသရွေ့ ခန္ဓာကိုယ်ကိုပျက်စီးအောင် မည်သည့်နည်းနှင့်မျှ မစွမ်းဆောင်နိုင်။ အတွင်းကိုယ်ခံအားနည်းမှုကြောင့် အိန္ဒိယတစ်နိုင်ငံလုံး ကျွန်ဘဝကျရောက်ပြီးနောက် ဆယ်စုနှစ်အနည်းငယ်မျှအကြာတွင် စည်းလုံးညီညွတ်မှု ကင်းမဲ့ခြင်းကြောင့် မိမိတို့နိုင်ငံသည်လည်း ကျွန်ဘဝသို့ကျရောက်ခဲ့သည့် သင်ခန်းစာများကို ပြန်လည်သုံးသပ်ကာ မိမိတို့ခေတ်တွင် သမိုင်းတစ်ပတ်ပြန်မလည်ရေးအတွက် မြန်မာဟူသော တစည်းတလုံးတည်းစိတ်ဓာတ်ဖြင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရပါမည့်အကြောင်း။ ။

မူရင်းသတင်း — Myanmar Digital News