
သန့်ဇင် (NP News) - နိုဝင်ဘာ ၁၃
အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိက အချက် (၅) ချက်ကို အလေးထားဆောင်ရွက်ရန် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပြောကြားခဲ့သည်။
ဒုတိယသမ္မတက ယမန်နေ့(နိုဝင်ဘာ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော် Hotel Max ရှိ ကုမုဒြာခန်းမ၌ ကျင်းပသည့်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women - NSPAW) (၂၀၂၃-၂၀၃၂) ဦးဆောင်ကော်မတီအစည်းအဝေး၌ အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်းသည် အမျိုးသမီးများ၏ အခွင့်အရေး၊ အခွင့်အလမ်းနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကဏ္ဍစုံမှ စနစ်တကျမြှင့်တင်နိုင်ရန်ရည်ရွယ်ထားသည့် အရေးပါသောမူဝါဒနှင့်လုပ်ငန်းလမ်းညွှန် တစ်ရပ်ဖြစ်ကြောင်း ဒုတိယသမ္မတက ဆိုသည်။
ထို့ကြောင့် မဟာဗျူဟာစီမံကိန်းကိုအကောင်အထည်ဖော်ရာတွင် အမျိုးသမီးများအတွက် တန်းတူအခွင့်အလမ်းရရှိရေး၊ ခွဲခြားဆက်ဆံမှု လျော့နည်းပပျောက်ရေး၊ ဘေးကင်းလုံခြုံရေး၊ အရည်အသွေးရှိသည့်ဝန်ဆောင်မှုများ လက်လှမ်းမီရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့်လုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေးတို့ကိုအခြေခံပြီး ဆောင်ရွက်ကြရန်လိုကြောင်းလည်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။
ထို့ပြင် မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကအချက် ၅ ချက်ကို အလေးထား ဆောင်ရွက် စေလိုကြောင်းလည်း ဒုတိယသမ္မတက ဆိုသည်။
ပထမအချက်အနေဖြင့် လုပ်ငန်းနယ်ပယ် ၁၂ ရပ်အတွက် တာဝန်ခံဌာနများနှင့်ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့အစည်းများအကြား လုပ်ငန်းညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။
ဒုတိယအချက်အနေဖြင့် အမျိုးသမီးများ၏ လက်တွေ့လိုအပ်ချက်များကိုအခြေခံပြီး မြို့ပြ၊ ကျေးလက်နှင့် ဒေသအလိုက် ဦးစားပေး လုပ်ငန်းများကို သတ်မှတ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်းနှင့် တတိယအချက်အနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် လိုအပ်သည့်လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုများကို ရလဒ်ရရှိရေးအပေါ်အခြေခံပြီး စနစ်တကျ ချိတ်ဆက်အသုံးချကြရန်ဖြစ်ကြောင်း ဒုတိယသမ္မတက ဆိုသည်။
စတုတ္ထအချက်အနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို မိမိတို့၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင် ဆောင်ရွက်နိုင်သူများအဖြစ် အသိအမှတ်ပြုပြီး တက်ကြွစွာပါဝင်လာနိုင်ရေး အားပေးမြှင့်တင်ကြရန်ဖြစ်ကြောင်းနှင့် ပဉ္စမအချက် အနေဖြင့် လုပ်ငန်းဆောင်ရွက်မှုရလဒ်များကို ပုံမှန်စောင့်ကြည့်အကဲဖြတ်ပြီး တွေ့ရှိချက်များအပေါ်မူတည်ကာ လိုအပ်သည့် ပြင်ဆင်ဖြည့်စွက်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။
ထို့ပြင် အစည်းအဝေးမှတစ်ဆင့် မဟာဗျူဟာစီမံကိန်း၏ရည်မှန်းချက်များကို လက်တွေ့အကျိုးရလဒ်များအဖြစ် ပြောင်းလဲနိုင်ရေး၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ဘဝအခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာရေးနှင့် ၎င်းတို့၏ အသိပညာ၊ အတတ်ပညာနှင့် စွမ်းဆောင်ရည်များကို အပြည့်အဝ ဖော်ထုတ်အသုံးချနိုင်ရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့၏အခန်းကဏ္ဍအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လည်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။