Eleven Media Group

■ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်သင့်သည့်အချက် ၄၃ ချက်နှင့်ပတ်သက်၍ လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေးအတွက် ပူးပေါင်းကော်မတီ ဖွဲ့စည်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်သင့်သည့်အချက် ၄၃ ချက်နှင့်ပတ်သက်၍ လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေးအတွက် နိုဝင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပူးပေါင်းကော်မတီဖွဲ့စည်းခဲ့သည်။

အဆိုပါ ပူးပေါင်းကော်မတီသည် ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း (၁)၊ (၂)၊ (၃) တို့ပါ အချက်များနှင့်ပတ်သက်၍လည်း လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေး ဆောင်ရွက်ရမည်ဖြစ်သည်။

ပူးပေါင်းကော်မတီကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၈ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃၈ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး စုစုပေါင်း ၉၀ ဖြင့် ပါဝင်ဖွဲ့စည်းမည်ဖြစ်ပြီး ပူးပေါင်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ပဲခူးတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၁၀) ဦးလှသိန်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၂) ဒေါ်နွယ်နွယ်ဦး၊ အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၇) ဦးဇင်မင်းထက်နှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးတို့က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းကော်မတီ၏ ဦးတည်ချက် ၃ ရပ်မှာ (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်တံ့ခိုင်မြဲမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ခေတ်စနစ်နှင့် လျော်ညီစွာ ပိုမိုတည်ဆောက်နိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာစေရေး၊ (ခ) တိုင်းရင်းသားမျိုးနွယ်စုများအကြား ယုံကြည်မှုခိုင်မာသော အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရေး၊ (ဂ) နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးတို့ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jeng Phang နော်တောင်က အစည်းအဝေးအတွင်း ရှင်းလင်းပြောကြားခဲ့သည်။

ပူးပေါင်းကော်မတီ၏ တာဝန် ၁၁ ရပ်ရှိပြီး အဆိုပါတာဝန်များတွင် နိုင်ငံတော်၏ သမိုင်းကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ၊ ပြည်သူတို့၏ နိုင်ငံရေးအသိရင့်ကျက်မှုအခြေအနေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုအခြေအနေ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအခြေအနေတို့ပေါ် မူတည်၍ လေ့လာသုံးသပ်ခြင်း၊ အကျိုးမဖြစ်ထွန်းနိုင်သည့် အငြင်းပွားဖွယ်ရာဖြစ်နိုင်မည့် ပြဋ္ဌာန်းချက်များထက် နိုင်ငံတော်အတွက် အကျိုးရှိပြီး ပြည်သူအများ လိုလားသည့် အပြုသဘောဆောင်သည့် ပြဋ္ဌာန်းချက်များကို ဦးစားပေးလေ့လာသုံးသပ်ခြင်းတို့ ပါဝင်သည်။

အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်သည် ဒီမိုကရေစီစနစ်နှင့် ပိုမိုကိုက်ညီလာစေရေးအတွက် လေ့လာသုံးသပ်တင်ပြခြင်း၊ ပြည်သူတို့၏ယုံကြည်မှု၊ အားထားမှုကို ရရှိသော ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေးစနစ်ဖြစ်ပေါ်လာစေရေးအတွက် လေ့လာသုံးသပ်တင်ပြခြင်း၊ ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို နာယက၏ ခွင့်ပြုချက်နှင့်အတူ လွှတ်တော်သို့တင်သွင်းခြင်း၊ ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပချိန်မဟုတ်လျှင်လည်း ပြည်ထောင်စုလွှတ်တော်နာယကထံသို့ တင်ပြခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှ ပြင်ဆင်ဖြည့်စွက်သင့်သည့်အချက် ၄၃ ချက်ကို အခြေခံ၍ ဥပဒေမူကြမ်းပြုစုခြင်းနှင့် ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း ၁၊ ၂၊ ၃ တို့ကို လေ့လာဆန်းစစ်၍ သက်ဆိုင်သည့်ကိစ္စများကိုလည်း တစ်ပေါင်းတည်း ထည့်သွင်းစဉ်းစားခြင်းတို့သည်လည်း ပူးပေါင်းကော်မတီ၏ တာဝန် ၁၁ ရပ်တွင် ပါဝင်သည်။

ဥပဒေမူကြမ်း ပြုစုတင်ပြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) ပါ ပုဒ်မ၊ ပုဒ်မခွဲများနှင့် ပုဒ်မ ၄၃၆ ပုဒ်မခွဲ (ခ) ပါ ပုဒ်မ၊ ပုဒ်မခွဲများအတွက် ပြင်ဆင်လိုသည့်ဥပဒေကြမ်းကို သီးခြားစီရေးသား၍ တစ်ပေါင်းတည်းတင်ပြခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှ ပြင်ဆင်ဖြည့်စွက်မှုနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၃၊ ပုဒ်မ ၄၃၄၊ ပုဒ်မ ၄၃၅ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၆၆ တို့နှင့်အညီ ဥပဒေမူကြမ်းပြုစုတင်သွင်းနိုင်ရန် ဆောင်ရွက်ခြင်း၊ ပူးပေါင်းကော်မတီ၏ လေ့လာသုံးသပ်ချက်များ၊ တင်ပြချက်များကို ပြည်ထောင်စုလွှတ်တော်သို့ မတင်ပြမီအချိန်ထိ ပေါက်ကြားခြင်းမရှိစေရန် လျှို့ဝှက်အဆင့် သတ်မှတ်ထိန်းသိမ်းခြင်း၊ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံး အသေးစိတ်မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားခြင်း၊ ယင်းအစည်းအဝေးမှတ်တမ်းများကို ဖြန့်ဝေမှုမပြုရခြင်း၊ ပူးပေါင်းကော်မတီ သက်တမ်းကုန်ဆုံးပါက ဆွေးနွေးချက်၊ သုံးသပ်ချက်၊ တင်ပြချက်၊ ဆုံးဖြတ်ချက်နှင့် အစီရင်ခံစာများ၊ စာရွက်စာတမ်း အထောက်အထားမှတ်တမ်းများအားလုံးကို ပြည်ထောင်စုလွှတ်တော်သို့ စနစ်တကျလွှဲပြောင်းအပ်နှံခြင်းတို့သည်လည်း ပူးပေါင်းကော်မတီ၏ တာဝန်တွင် ပါဝင်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်သင့်သည့်အချက် ၄၃ ချက်နှင့် ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း (၁)၊ (၂)၊ (၃) တို့ပါ အချက်များနှင့်ပတ်သက်၍ လေ့လာသုံးသပ်ရေးနှင့် ဥပဒေကြမ်းပြုစုရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို လွှတ်တော်၏ သဘောထားရယူရာ ကန့်ကွက်သူမရှိသဖြင့် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက ကြေညာခဲ့သည်။

မူရင်းသတင်း — Eleven Media Group