
■ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ နှစ်စဉ်လိုငွေပြလျက် ရန်ပုံငွေရေးဆွဲနေခြင်းသည် လုံးဝမဖြစ်သင့်ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဝေဖန်ဆွေးနွေး
ငွေကျပ် ၇၄၆၈ ဒသမ ၇၀၂ ဘီလျံ ဖြည့်စွက်တောင်းခံထားသည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအား နိုဝင်ဘာ ၁၂ ရက်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက အတည်ပြုခဲ့သည်။
နိုဝင်ဘာ ၁၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂ဝ၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း၏ မူနှင့် အခြေခံသဘောများ အပါအဝင် ရငွေသုံးငွေများနှင့် ဥပဒေအကြောင်းအရာများနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ထိုသို့ ဆွေးနွေးရာတွင် မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူက ဘဏ္ဍာငွေတိုးမြှင့်သုံးစွဲမှုကို ထုတ်လုပ်မှု၊ တိုးတက်မှုနှင့် မချိတ်ဆက်နိုင်ပါက ဈေးနှုန်းများအပေါ် ဖိအားဖြစ်စေနိုင်ပြီး ပြည်တွင်းထုတ်လုပ်မှု မတိုးတက်ဘဲ ငွေကြေးလည်ပတ်မှုသာ တိုးလာပါက ငွေကြေးဖောင်းပွမှုဖြစ်ပေါ်လာနိုင်သည်ကို သတိထားစောင့်ကြည့်ရန်လိုအပ်ကြောင်း၊ ဘဏ္ဍာငွေဖြုန်းတီးမှုမဖြစ်စေရေးနှင့် ယခု လက်ရှိကာလမှ ဘဏ္ဍာနှစ်ကုန်အထိ တိုတောင်းလှသော လက်ကျန်ကာလတွင် အမှန်တကယ် အကောင်အထည်ဖော်ပြီးစီးရန် အရေးကြီးခြင်း၊ ပြည်တွင်း/ပြည်ပကြွေးမြီ သက်ရောက်မှု၊ နိုင်ငံတော်နှင့် ပြည်သူအတွက် ပြန်လည်ရရှိနိုင်မည့် ရန်ပုံငွေအောင်မြင်မှုတို့ကို တိုင်းတာစစ်ဆေးနိုင်မည့်စနစ် စီမံထားရှိရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
မူလခွင့်ပြုချက်ပါ သုံးငွေ၏ ၁၀ ရာခိုင်နှုန်းနှင့်အထက် ကျော်လွန်၍ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံလာသည့် ဝန်ကြီးဌာန ၁၂ ခုနှင့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းပါ လိုငွေနှင့် GDP အချိုး ၅ ရာခိုင်နှုန်းအတွင်းသာရှိစေရေး၊ အသုံးစရိတ်များ လျှော့ချဆောင်ရွက်ရန်လိုအပ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ စိုက်ပျိုး/မွေးမြူရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် MSME ကဏ္ဍများတွင် ပိုမိုအကျိုးရှိစေရန် အလေးထားဆောင်ရွက်သင့်ကြောင်း မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူက အကြံပြုဆွေးနွေးခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၁၀) ဦးသန်းအေး (ခ) ဦးတင်ဦးက နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ နှစ်စဉ်လိုငွေပြလျက် ရန်ပုံငွေရေးဆွဲနေခြင်းသည် လုံးဝမဖြစ်သင့်ကြောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ပျက်သုဉ်းနိဂုံးချုပ်စေခဲ့သည့် စီးပွားရေးလုပ်ငန်းတွင် နိုင်ငံတော်က အရှုံးခံခြင်းကို ကောင်းစွာသင်ခန်းစာယူ၍ ငွေစာရင်းပူးပေါင်းကော်မတီ၏ အကြံပြုချက်နည်းလမ်းများအတိုင်း ဆယ်မကုစားသွားရမည်ဖြစ်ကြောင်း ဝေဖန်ဆွေးနွေးခဲ့သည်။
အခွန်ရငွေများသည် မူလခန့်မှန်းခြေထက် ပိုမိုရရှိခြင်းအပေါ် ကြိုဆိုသော်လည်း အခွန်စက်ဝန်းမှ ကင်းလွတ်နေသော နယ်ပယ်များစွာရှိနေသေးရာ အခွန်နှုန်းထားမတိုးဘဲ အခွန်နယ်ပယ်တိုးချဲ့ခြင်း၊ သတ်မှတ်ကောက်ခံနှုန်းနှင့် အမှန်မြေပြင်ကောက်ခံနှုန်း ကွာခြားမှုမများအောင် ကြပ်မတ်ဆောင်ရွက်ခြင်း၊ တိုက်တာမြေယာ စသည့် အခြေခံပစ္စည်းများပိုင်ဆိုင်မှုအပေါ် အခွန်ကောက်ခံသည့် ဥပဒေကဲ့သို့ အခွန်ဥပဒေများရေးဆွဲ ပြဋ္ဌာန်းဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံတော်ဘဏ္ဍာအခွန်ငွေများ တိုးမြှင့်ရနိုင်ခြေ ကောင်းစွာရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၁၀) ဦးသန်းအေး (ခ) ဦးတင်ဦးက အကြံပြုဆွေးနွေးခဲ့သည်။
မွန်ပြည်နယ် ကိုယ်စားလှယ်အမှတ် (၁၂) ဒေါ်စိုးစိုးမြင့်က ဖြည့်စွက်ခွင့်ပြုသုံးငွေပမာဏ ငွေကျပ် ၇၄၆၈ ဒသမ ၇ဝ၂ ဘီလျံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှစ၍ ငါးနှစ်အတွင်း ပမာဏအများဆုံးဖြစ်ကြောင်း၊ ဖြည့်စွက်ခွင့်ပြုငွေ အမှန်တကယ်သုံးစွဲနိုင်သည့် အချိန်ကာလသည် လေးလခန့်သာကျန်ရှိသဖြင့် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံထားသည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ စနစ်တကျ စီမံခန့်ခွဲသုံးစွဲနိုင်ရေးသည် ကြီးမားသည့်ကန့်သတ်ချက်တစ်ရပ်ဖြစ်သည်ဟု ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ သုံးသပ်ချက်ကိုတွေ့ရှိရကြောင်း ဆွေးနွေးပြောကြားသည်။
ဘဏ္ဍာနှစ်ကုန်ဆုံးမည့်အချိန်တွင် ခွင့်ပြုထားသောငွေများကို မသုံးစွဲနိုင်ပါက နောက်နှစ်တွင် ပြန်လည်တောင်းခံရန် အခက်အခဲရှိနိုင်သည့်အတွက် ထိုငွေကို အလျင်အမြန်သုံးစွဲရန် ဖိအားဖြစ်လာနိုင်ကြောင်း၊ လိုအပ်ချက်များကို အခြေခံသုံးစွဲခြင်းထက် ရန်ပုံငွေကုန်ဆုံးရေးကိုသာ ဦးစားပေးနိုင်ကြောင်း၊ လေးလခန့်သာကျန်ရှိသည့်အချိန်သည် အလွန်တိုတောင်းသော ကာလဖြစ်သဖြင့် ဖြည့်စွက်ငွေ ခွင့်ပြုခြင်းသည် တစ်ဖက်တွင် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အထောက်အကူဖြစ်စေသော်လည်း အခြားတစ်ဖက်တွင် ခွင့်ပြုထားသည့်ဘဏ္ဍာငွေများကို အရည်အသွေးပြည့်မီ၊ ထိရောက်၊ အကျိုးရှိစွာသုံးစွဲနိုင်မည်ဆိုသည့်အချက်မှာ စဉ်းစားစရာဖြစ်စေကြောင်း မွန်ပြည်နယ် ကိုယ်စားလှယ်အမှတ် (၁၂) ဒေါ်စိုးစိုးမြင့်က အကြံပြုဆွေးနွေးခဲ့သည်။
ကြည့်မြင်တိုင်မဲဆန္ဒနယ်မှ ဦးခင်လှိုင်က ဝန်ကြီးဌာနများမှ တင်ပြလာသည့် ရသုံးမှန်းခြေစာရင်းအများစုသည် ရငွေကို တိုးပွားအောင် လုပ်ဆောင်သည်ထက် အသုံးစရိတ်ကို ပုံစံအစုံဖြင့် တင်ပြထားသည်ကိုတွေ့ရကြောင်း၊ နိုင်ငံတော်၏ ပကတိစီးပွားရေးအခြေအနေကို သိလျက်နှင့် အချိန်အခါစောင့်ရမည့်လုပ်ငန်းများကို ရေးဆွဲတင်ပြခြင်း၊ အောက်ခြေအထိ စုံစမ်းစစ်ဆေးမှု အားနည်းခြင်း၊ အမှန်တကယ်လိုအပ်သည့် လုပ်ငန်းများကို ရေးဆွဲတင်ပြမှုမရှိခြင်း၊ မလိုအပ်သည့် တည်ဆောက်ပြုပြင်လုပ်ငန်းများကို ရေးဆွဲ၍ ရန်ပုံငွေတောင်းခံခြင်းများရှိနေ၍ တင်ပြလာသည့် ရသုံးမှန်းခြေစာရင်းများကို လွှတ်တော်ကိုယ်စားလှယ်များက မျက်မြင်ကွင်းဆင်းစစ်ဆေးလျှင် သိရှိလာလိမ့်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် လျာထားဘတ်ဂျက်အနည်းဆုံးဖြစ်သည့် စစ်ဘေးရှောင်ပြည်သူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ထိလွယ်ရှလွယ်သော အလုပ်သမားရေးရာကိစ္စများကို ဖြေရှင်းဆောင်ရွက်ပေးနေရသည့် အလုပ်သမားဝန်ကြီးဌာနတို့ကို ယခုတင်ပြသည့် ဖြည့်စွက်ခွင့်ပြုငွေပမာဏထက် ပိုမိုတိုးမြှင့်ပေးရန်လိုအပ်သည်ကို အကြံပြုလိုကြောင်း ကြည့်မြင်တိုင်မဲဆန္ဒနယ်မှ ဦးခင်လှိုင်က ဆွေးနွေးပြောကြားသည်။
မိမိတင်ပြခဲ့သည့် ဝန်ကြီးဌာနများအတွက် မဖြစ်မနေအရေးကြီးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မူလဖြည့်စွက်တောင်းခံငွေထက် ပိုမိုတိုးမြှင့်ပေးနိုင်ရန်၊ လက်ရှိဥပဒေကြမ်းပါ ဖြည့်စွက်ခွင့်ပြုငွေကျပ် ၇၄၆၈ ဒသမ ၇၀၂ ဘီလျံအတိုင်း မပြောင်းလဲဘဲ ဖြည့်စွက်ခွင့်ပြုငွေ ပမာဏများသည် ဝန်ကြီးဌာနအသီးသီးမှ ပြန်လည်ဖြတ်တောက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြန်လည်စိစစ်ဆောင်ရွက်ပေးပါလျှင် ယခုတင်ပြသည့် ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို သဘောတူညီချက်ပေးသင့်ကြောင်း ကြည့်မြင်တိုင်မဲဆန္ဒနယ်မှ ဦးခင်လှိုင်က အကြံပြုဆွေးနွေးခဲ့သည်။
အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း၊ ငွေသားစာရင်းအရ စုစုပေါင်းလိုငွေမှာ ငွေကျပ် ၂၁၃ ဘီလျံ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ အဆိုပါ စုစုပေါင်းအသုံးစရိတ်တွင် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများမှ နိုင်ငံတော်သို့ ပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ ဝင်ငွေခွန်နှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေတို့ ပါဝင်ကြောင်းနှင့် လက်ရှိတွင်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများက နိုင်ငံပိုင်စက်ရုံအချို့ကို ပုဂ္ဂလိကသို့ ငှားရမ်းခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်ရန်ဖိတ်ခေါ်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး အရှုံးဖြစ်ပေါ်မှုကို သက်သာစေရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့မီးရထား၊ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးနှင့် မြန်မာအမျိုးသားလေကြောင်းတို့မှာ ဘဏ္ဍာရေးအခြေအနေအရ အရှုံးဖြစ်ပေါ်နေသော်လည်း ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ပြည်သူ့ကုန်စည်များ စီးဆင်းမှုမှန်ကန်ရေးအတွက် အားထားရာဖြစ်သည့်အတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းများအနေဖြင့် အရှုံးလျော့နည်း၍ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်ရေးကိုသာ သက်ဆိုင်ရာဝန်ကြီးဌာနများက ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုနည်းတူ အခွန်အခြေကို တိုးချဲ့ခြင်းကိုလည်းကောင်း၊ အခြေခံပစ္စည်းများအပေါ်မှ အခွန်ကောက်ခံခြင်းနှင့် စံနှုန်းမှန်ကန်ရေးကိုလည်းကောင်း ပြည်ထောင်စုလွှတ်တော်၏ ဆွေးနွေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြောကြားသည်။
အခွန်ရငွေများမှာ သက်ဆိုင်ရာဘဏ္ဍာရေးနှစ် အမှန်စာရင်းများအရ နှစ်စဉ်မူလခန့်မှန်းခြေ ငွေစာရင်းထက် ပိုမိုရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် ရငွေရရှိမှုအပေါ် မူတည်၍ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးစရိတ်များကို ကဏ္ဍအသီးသီးအလိုက် ခွဲဝေသုံးစွဲရခြင်းဖြစ်ကြောင်း၊ အခွန်အကောက်ရငွေ တိုးတက်မှုရရှိမှသာ နိုင်ငံတော်၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်ကဏ္ဍများတွင် ပိုမိုသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ သုံးစွဲနိုင်မှသာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြောကြားသည်။
ဘဏ္ဍာရေးလုပ်ငန်းများကို စိစစ်သည့်အခါတွင် မိမိတို့အနေဖြင့် ရှေ့သုံးနှစ် နောက်သုံးနှစ်ကို ပြန်လည်သုံးသပ်ထားသည့် ကာလလတ် ဘဏ္ဍာရေးမူဘောင်ကို ထုတ်ပြန်ထားပြီး ဝန်ကြီးဌာနများကို အဆိုပါမူဘောင်နှင့် ထိန်းချုပ်ထားကြောင်း။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ စာရင်းအောက်တွင် ကြွေးမြီနှင့် ပြန်ဆပ်ငွေများ ထည့်သွင်းလျာထားရကြောင်း၊ လူ့အခွင့်အရေးကော်မရှင်၊ အဂတိလိုက်စားမှုကော်မရှင်တို့၏ ငွေလုံးငွေရင်းသာမန်အသုံးစရိတ်များအားလုံးကိုလည်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအောက်တွင် ထည့်သွင်းပြီး တောင်းခံပေးရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏စာရင်းတွင် ငွေကျပ် ၂၀၃၃ ဘီလျံ ပေါ်ပေါက်နေခြင်းဖြစ်ကြောင်း၊ ယခုတင်ပြသည့် ဥပဒေကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တင်သွင်းခြင်းဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ရှင်းလင်းတင်ပြခဲ့သည်။
ထို့အတူ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က အစီရင်ခံစာတွင်ပါရှိသည့် ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်တွင် သတ်မှတ်ပမာဏရရှိရေး ကြိုးပမ်းအကောင်အထည်ဖော်သင့်ကြောင်း သဘောထားမှတ်ချက်နှင့်စပ်လျဉ်းပြီး ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်တွင် အဆိုပါခန့်မှန်းချက် ပမာဏရရှိရေးကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် MSME ကဏ္ဍများတွင် ပိုမိုအကျိုးရှိစေရန် အလေးထားဆောင်ရွက်သင့်ကြောင်း ဆွေးနွေးချက်နှင့်စပ်လျဉ်းပြီး နိုင်ငံတော်၏ အသုံးစရိတ်မူဝါဒတွင် အဆိုပါကဏ္ဍများကို အဓိကဦးစားပေး ထည့်သွင်းဆောင်ရွက်ထားရှိကြောင်း၊ ဘဏ္ဍာနှစ်ကုန်ဆုံးရန် လေးလခန့်သာ ကျန်ရှိသည့်အချိန်သည် စီမံကိန်းအသစ်များအတွက် အလွန်တိုတောင်းသောကာလဖြစ်သဖြင့် ဖြည့်စွက်ခွင့်ပြုငွေများကို ထပ်မံခွင့်ပြုခြင်းသည် ဘဏ္ဍာငွေကို အချိန်မီထိရောက်စွာနှင့် အကျိုးရှိစွာသုံးစွဲနိုင်မည်ဆိုသည့်အချက်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တင်ပြတောင်းခံသည့်ဌာနအသီးသီးမှ လုပ်ငန်းဆောင်ရွက်မည့် ဒေသ၊ လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်၊ ဖြည့်စွက်ခွင့်ပြုကာလအတွင်း အမှန်တကယ် ဆောင်ရွက်နိုင်မည့် လုပ်ငန်းပမာဏနှင့် တာဝန်ယူမှုတို့ဖြင့် စိစစ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် အဆိုပါဥပဒေကြမ်း၏ ရငွေသုံးငွေများ၊ ဥပဒေအကြောင်းအရာများနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အဆိုပြုချက်အပေါ်အခြေခံပြီး တစ်ပိုဒ်ချင်းစီအလိုက် အဆိုတင်သွင်းပြီး လွှတ်တော်၏ အတည်ပြုချက်ရယူသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုပေးရန် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက ဥပဒေနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူရာ ကန့်ကွက်သူရှိသည့်အတွက် စက်ခလုတ်နှိပ် အသုံးပြု၍ ဆန္ဒမဲရယူရာ ထောက်ခံမဲ ၄၈၁ မဲ၊ ကန့်ကွက်မဲ ၁၉ မဲ၊ ကြားနေမဲ ၂၈ မဲရှိပြီး ထောက်ခံမဲများသည့်အတွက် ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။