Myanmar Digital News

သယံဇာတကြွယ်ဝ၊ ပညာဉာဏ်ပြည့်ဝ၊ နှလုံးလှကြပြီဆိုလျှင်(၃)

ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)

တရုတ်ပြည်သူ့သမ္မတနိုင်ငံက Three Gorges Dam အား မြစ်ရေကို တားဆီးတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်၍ တိုင်းပြည်၏ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သဖြင့် သန်းတစ်ထောင်ကျော်သော တရုတ်ပြည်သူတို့ ပျော်နေသည်။ ထို့ပြင် မြစ်ကူးတံတား၊ တောင်ကိုထွင်းဖောက်၍ လမ်း၊ တံတားများ တည်ဆောက်နိုင်ကာ လူမှုစီးပွားဘဝမြင့်မားအောင် ဆောင်ရွက်နိုင်ခဲ့သည်။

ပြည်တွင်း၌ ကမ္ဘာအရပ်ရပ်မှ နည်းပညာ ကုမ္ပဏီကြီးများ၏ ရင်းနှီးမြှုပ်နှံမှုကိုလည်း ခွင့်ပြုခဲ့သည်။ ပြည်ပနိုင်ငံများသို့လည်း တရုတ်ကုမ္ပဏီကြီးများက ရင်းနှီးမြှုပ်နှံနေသည်ကို မြင်တွေ့ရသည်။ ဤသို့ဆောင်ရွက်နိုင်ခြင်းမှာ ရှေးယခင်က ဖွံ့ဖြိုးမှု မြင့်မားခဲ့သည့် အင်္ဂလန်၊ ဂျာမနီ၊ ဂျပန်၊ ကိုရီးယား နိုင်ငံတို့ကဲ့သို့ပင် စက်မှုဖြင့် စီးပွားရေးကိုထူထောင် နိုင်ခဲ့၍ဖြစ်သည်။ ရေအားလျှပ်စစ်ကို ဖောဖောသီသီ သုံးနိုင်ခြင်းကြောင့် စက်မှုနိုင်ငံ တည်ထောင်နိုင်ခဲ့သည်။ လေထုညစ်ညမ်းမှုကို ထိထိမိမိ လျှော့ချနိုင်ခဲ့သည်။ သိပ္ပံအခေါ်အရ Carbon Credit ရရှိသဖြင့် တရုတ်နိုင်ငံ၏ အလွန်တရာကြီးမားသည့် ရေအားလျှပ်စစ်စီမံကိန်းကို ထောက်ခံလာကြသည်။

လေသယံဇာတ

လေထုသည် ဓာတ်ငွေ့ ငါးမျိုးပါဝင်သော အရောအနှောဖြစ်ပြီး အောက်ဆီဂျင်၊ နိုက်ထရိုဂျင်၊ အာဂွန် (Argon)၊ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ရေခိုးရေငွေ့တို့ ပါဝင်သည်။ နိုက်ထရိုဂျင်၊ အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ရေခိုးရေငွေ့နှင့် အာဂွန်သည် အဖိုးမဖြတ်နိုင်သော သယံဇာတလည်း ဖြစ်သည်။ မှန်လုံအိမ်အာနိသင်ရှိသည့် ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် ကမ္ဘာကြီးပူနွေးလာကြောင်း လက်ညှိုးထိုးအပြစ်တင်ကြသည်။ လေထုတွင် ထိုဓာတ်ငွေ့အနည်းငယ်မျှမရှိလျှင် သစ်ပင် သစ်တော၊ ဆန်ရေစပါး မဖြစ်ထွန်းမည်ကို လူအများစုမသိကြပေ။ ကာဗွန်ဒိုင်အောက်ဆိုက်သည် ပုံမှန် (၂၈၅-၃၀၀ပီပီအမ်)ဆိုလျှင် “မိတ်ဆွေ” ဓာတ်ငွေ့ဖြစ်သည်။ လူနှင့်သတ္တဝါအပေါင်း အသက်ဆက်ရှင်သန်ရန်ဖြစ်သည်။

လေကို အလိုအလျောက် တစ်နေ့လျှင် ကြိမ်ဖန်များစွာ အသက်ရှူသွင်းလျက်ရှိကြ၏။ သေချာပေါက် ပြောနိုင်သည်မှာ ၅ မိနစ်မှ ၁၀ မိနစ်ထက် ကျော်လွန်၍ လေကောင်းလေသန့်မရလျှင် အသက် ရှင်ဖို့မဖြစ်နိုင်။ ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်၊ လေအသက် ၁၀ မိနစ်ဆိုသည်ကို ထောက်ရှုလျှင် လူသားတို့အတွက် လေသည် အရေးကြီးပုံ၊ လေကောင်းလေသန့်ဖြစ်ထွန်းရရှိရေး သည် မည်မျှအရေးကြီးကြောင်း သိနိုင်သည်။

မြန်မာနိုင်ငံ၌ အမိုးနီးယားထုတ်နိုင်လျှင် ယူရီးယားထုတ်၊ နိုက်ထရိတ်ထုတ်၊ အမိုနီယမ် ဆာလ်ဖိတ်လည်း ထုတ်နိုင်ပြီး တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်တွင် အသုံးပြုနိုင်ပါက ဂျုံ၊ စပါးများ အထွက်တိုးပြီဟု ပြောနိုင်ပါမည်။ ရေနည်းနည်းနှင့် အထွက်တိုးသော၊ အချိန်တိုတိုနှင့် သီးနှံအထွက်ကောင်းသော၊ ပိုးမွှားဒဏ်ခံနိုင်သော သီးနှံပင်များ အလျှံပယ်ထွက်ပေါ်လာပါလိမ့်မည်။

တေဇော၊ အပူဓာတ်၊ (စွမ်းအင်)

 ၁၈၀၇ ခုနှစ်တွင် စွမ်းအင် (Energy) ဆိုသည့် စကားရပ်က သိပ္ပံဝေါဟာရအဖြစ် နိုင်ငံတကာ အဘိဓာန်တွင် ဝင်လာသည်။ စွမ်းအင်သည် အလုပ်လုပ်နိုင်သောအရာ၊ ရေနွေးငွေ့မှဖြစ်ပေါ်သည့် အပူစွမ်းအင်ဖြစ်သည်။ ထိုအပူစွမ်းအင်ကို ကျောက်မီးသွေး လောင်ကျွမ်းခြင်းမှလည်းရသည်။ ကျောက်မီးသွေး လောင်ကျွမ်းခြင်းကြောင့်ဖြစ်ပေါ်သည့်စွမ်းအင်သည် ဓာတုစွမ်းအင်ဖြစ်သည်။

ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာမှန်သမျှသည် ဓာတုစွမ်းအင်ဖြစ်သည်။ ဤဓာတုစွမ်းအင်သည်ပင် နေမင်းကြီး၏ ရောင်ခြည်ကြောင့်ဖြစ်သည်။ နေမင်းကြီးက အဏုမြူစွမ်းအင်ကို ထုတ်ပေးလျက်ရှိသည်။ နှစ်ပေါင်း ၄ ဒသမ ၆ ဘီလီယံချီ၍ ကြာခဲ့ပြီဖြစ်သည်။ အပူ၊ အလင်း၊ ဓာတု၊ လျှပ်စစ်နှင့် အဏုမြူစွမ်းအင်တို့သည် ခြားနားသော စွမ်းအင်အမျိုးအစားများ ဖြစ်သည်။ မည်သည့်စွမ်းအင်မဆို အကျိုးရှိစွာ၊ အန္တရာယ်ကင်းစွာသုံးစွဲနိုင်သော နည်းပညာကျွမ်းကျင် သည့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်နေသည်။

ယခင်က အပူဓာတ်၊ စွမ်းအင်ဆိုသည်မှာ အဘယ်အရာနည်း၊ စွမ်းအင်ကို မည်သို့ရနိုင်မည် နည်းဟူမူ အလှမ်းဝေးခဲ့သော်လည်း မျက်မှောက်ကာလ၌ ထိုမျှမဝေး၊ နည်းပညာကြောင့် လက်လှမ်း မှီလာပြီဖြစ်သည်။ ဥရောပ အနောက်/အရှေ့၊ အမေရိကန်၊ ရုရှား၊ တရုတ်နှင့် ဂျပန်တို့က တေဇော၊ အပူဓာတ်ကိုနိုင်သဖြင့် သံသတ္တုကို ကြေး၊ ငွေ၊ ရွှေတို့ထက် မြေသယံဇာတများမှ ထုတ်ယူသုံးစွဲခဲ့ကြ သည်။ သံသေသဖြင့် တစ်ပြည်ဝခဲ့ကြသည်။ ဂုတ်ထိပ်တံတားကြီးတည်ဆောက်ရာတွင် အမေရိကန် နိုင်ငံ Pennsylvania and Maryland Steel Company (ပင်ဆယ်လ်ဗေးနီးယားနှင့် မေရီလန်း စတီးကုမ္ပဏီ) မှ သံတိုင်သံပေါင်များ ဝယ်ယူခဲ့ရသည်။

ကျောက်ဖြစ်ရုပ်ကြွင်း ကျောက်မီးသွေး လောင်စာများမှလည်း စွမ်းအင်တစ်မျိုးဖြစ်သည့် လျှပ်စစ်စွမ်းအင်ရရှိသည်။ နည်းပညာမြင့်သည့် ဥရောပနိုင်ငံများ၊ ရုရှား၊ ဂျပန်တို့က အဏုမြူစွမ်းအင် ကိုသုံး၍ လျှပ်စစ်ထုတ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အားထုတ်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် အဏုမြူ စွမ်းအင်ထုတ်လုပ်သုံးစွဲနိုင်ရေး ကြိုးပမ်းလျက်ရှိနေခြင်းမှာ စွမ်းအင်သယံဇာတမှန်သမျှ နိုင်ငံဖွံ့ဖြိုးရေး ပညာဖြင့် ချိန်ဆဆောင်ရွက်နေခြင်းဖြစ်သည်။

လူငယ်များ စာတတ်မှ၊ ပညာတတ်မှ၊ အရည်အချင်းပြည့်ဝနေမှ အနာဂတ်က ရှင်သန်နိုင်မည်။ စိတ်ကောင်း စေတနာကောင်း၊ ထူးချွန်ထက်မြက်သည့် ပင်ကိုအရည်အသွေး၊ နိုင်ငံကြီးသားစိတ်ဓာတ် ရှိပြီဆိုလျှင် လူကောင်းဖြစ်လာပြီ၊ အနာဂတ်ကို ကောင်းစွာတည်ဆောက်နိုင်လိမ့်မည်။ ဖွံ့ဖြိုးရန် အတွက် စည်းကမ်းကောင်းမွန်ရေး၊ တရားဥပဒေ လိုက်နာရေး၊ ဆိုးသွမ်းလူငယ်များမဖြစ်ရေး၊ ဒုစရိုက် ကင်းသောသူဖြစ်ရေး၊ သိပ္ပံနည်းကျတွေးခေါ်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်း အမြစ်များကို တက္ကသိုလ်များက မွေးထုတ်ပေးရလိမ့်မည်။

နိုင်ငံတကာလူ့စွမ်းအားအရင်းအမြစ်

စိုက်ပျိုး၊ စက်မှု၊ အဏုမြူ၊ အိုင်တီ၊ ဂျီနုံးခေတ် အသီးသီးက လိုအပ်သော လူ့စွမ်းအားအရင်းအမြစ် ရရန် တက္ကသိုလ်ကြီးများ၏ သင်ကြားမှုနှင့် သုတေသနကိုပုံဖော်ခဲ့သည်။ အမေရိကန်နိုင်ငံတွင် အများစုလက်ငင်းအကျိုးပြုမည့် စက်မှုနှင့် စိုက်ပျိုးရေးအားသန်သည့် တက္ကသိုလ်၊ ကောလိပ်များ အလျင်အမြန်ပေါ်ပေါက်ခဲ့သည်။

ဂျပန်နိုင်ငံတွင် လူ့စွမ်းအားအရင်းအမြစ်ကို ၆၅ သန်းအောက် အရောက်မခံ။ ထိုဦးရေသည် မြန်မာနိုင်ငံ၏ လူဦးရေထက်ပို၍များသည်။ ဂျပန်နိုင်ငံ၏ လူ့စွမ်းအားသယံဇာတသည် ကမ္ဘာ့အလယ် တွင် တန်ဖိုးရှိလှသည်။ သူမတူ ထူးခြားအောင်မြင်မှု၏အရင်းခံမှာ အလုပ်ကြိုးစားလုပ်သူ ဂျပန်လူထု ဖြစ်သည်။ ဂျပန်တို့သည် သယံဇာတကိုချည်း၊ ခေါင်းဆောင်ကောင်းကိုချည်း မျှော်လင့်နေသူများ မဟုတ်။ မိုးကိုချည်း မျှော်လင့်နေသူမဟုတ်။ လျှပ်စစ်မရှိလျှင် ရှိအောင်ကြံဖန်လုပ်တတ်သည့် သတ္တိက ဂျပန်၏ အောင်မြင်ခြင်းတရားများဖြစ်သည်။

ဂျပန်နိုင်ငံသည် စက်မှုအလွန်ထွန်းကားနေသော်လည်း ထူးခြားချက်တစ်ခုမှာ လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းကို လက်မလွှတ်၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးက အကြောင်းရင်းသာဟု ထင်မြင်စရာ ရှိသည်။ အမေရိကန်နှင့် ထိုင်းနိုင်ငံမှ ဆန်ကို ဈေးသက်သက်သာသာဖြင့် ဝယ်စားနိုင်သော်လည်း သွင်းကုန်အဖြစ် လက်မခံ။ ကိုယ့်အားကိုယ်ကိုးနိုင်ရမည့်သဘောမျိုးလည်းပါမည်။ မိရိုးဖလာသဘောမျိုး လုပ်ခြင်းသက်သက်မဖြစ်နိုင်။ ဂျပန်လယ်သမားများသည် ပညာပါသော စိုက်ပျိုးရေးကိုအခြေပြုသည့်၊ နည်းပညာအခြေခံသည့် စိုက်ပျိုးရေးကို လှမ်းနေသည်ဟု ခန့်မှန်းရသည်။

၂၀ ရာစုနှောင်းပိုင်းမှာ တရုတ်သိပ္ပံနှင့် နည်းပညာရှင် လူ့စွမ်းအားအရင်းအမြစ်သည် သန်းနှစ်ဆယ်ကျော်ထိရှိခဲ့သည်။ ရုရှားနိုင်ငံသို့ လည်းကောင်း၊ အမေရိကန်နှင့် ဥရောပနိုင်ငံများသို့ လည်းကောင်း ပညာသင်များစေလွှတ်၍ နည်းပညာများကိုရယူကာ ထိုအတွေ့အကြုံဖြင့် တရုတ်နိုင်ငံ ၏ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ခဲ့သည်။ တရုတ်နိုင်ငံ၏ တက္ကသိုလ်တစ်ရာကို ကမ္ဘာ့အဆင့်မီရန် အားထုတ်ခဲ့သည်။ စက်မှုနိုင်ငံအဖြစ် တည်ထောင်နိုင်ခဲ့သည်။

စိတ်နှလုံးလှဆိုသည်

“စိတ်နှလုံးလှ”ဆိုသည်မှာ ကြည်လင်သော စိတ်၊ ဗြဟ္မစိုရ်တရားလေးပါးကို ရင်ဝယ်ထားနိုင် သောစိတ်၊ တရားမျှတသောစိတ်၊ ကောင်းခြင်း မင်္ဂလာအဖြာဖြာကို ဖြန့်ဝေလိုသောစိတ်၊ ငြိမ်းချမ်းစွာ အတူလက်တွဲနေလိုသောစိတ်၊ ပြဿနာဟူသမျှကို ဖြေရှင်းလိုသောစိတ်၊ ကြီးသူကိုရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို ထောက်ထားညှာတာသောစိတ် စသည်တို့ဖြစ်သည်။

နိုင်ငံသားတို့တွင် ပြည်သူ့တာဝန်၊ ဝန်ထမ်းတာဝန်တို့ကို သိနားလည်အပ်သော သဘောတရား မှာ ကျယ်ဝန်းများပြားလှ၏။ နိုင်ငံတော်ကိုကြည်ညို လေးစားခြင်း၊ အများ၏အကျိုးအတွက် စိတ်ရော ကိုယ်ပါဆောင်ရွက်ခြင်း၊ တရားဥပဒေအရ လိုက်နာကျင့်သုံးဆောင်ရွက်ခြင်း၊ အသိဉာဏ်နှင့်ယှဉ်၍ ရိုးသားဖြောင့်မတ်ခြင်းတို့ဖြစ်၏။ နိုင်ငံသားတိုင်းရှိသင့်သော သဘောတရားတာဝန်တို့တွင် နိုင်ငံတော် ၏အကျိုးစီးပွားပျက်ပြားစေမည့်အတွင်းရန်၊ အပြင် ရန်ဟူသမျှကို တွန်းလှန်ဖြိုဖျက်ရမည်။

နိုင်ငံတော်စည်ပင်သာယာရေး၊ ကြီးပွားတိုးတက်ရေးအတွက် မိမိစွမ်းဆောင်နိုင်သည့်ဘက် မှ ဝင်ရောက်ဆောင်ရွက်ရမည်။ လူ့စွမ်းအားအရင်းအမြစ် မြင့်မားသည့်လူ့အဖွဲ့အစည်း၊ အတွေ့အကြုံ အမြော်အမြင်ရှိသည့် လူ့အဖွဲ့အစည်းများ မြို့၊ ရွာ၊ တစ်နိုင်ငံလုံးအနှံ့ရှိစေချင်သည်။ ပညာတတ်၊ အရည်အချင်းပြည့်ဝသူ၊ ဗလငါးတန်ပြည့်ဝသူတို့ကသာ နိုင်ငံအပြောင်းအလဲကို ပြုလုပ်နိုင်ပါလိမ့်မည်။

ကျွန်ုပ်တို့သည် စိတ်ကောင်းစိတ်မြတ်၊ သီလသမာဓိ၊ ဝီရိယ၊ ပညာ၊ သတိတို့ဖြင့် သွားကြရမည့် ခရီးဖြစ်သည်။ မိမိတို့၏အစွဲအလမ်း၊ အယူဝါဒတို့ကို လျစ်လျူရှုနိုင်ကြရမည်။ စေတနာထက်သန်မှု၊ သဒ္ဓါ တရားကို ပညာဉာဏ်ဖြင့် ထိန်းနိုင်ကြရမည်။ စိတ်ထက်သန်မှုဝီရိယကို သမာဓိကြီးစွာဖြင့် အပြန်ပြန်အလှန်လှန်ထိန်းချုပ်လျက် သတိတရားကို မဏ္ဍိုင်ထားကာ စဉ်းစားဆင်ခြင်သုံးသပ်ခြင်း၊ အဆုံးအဖြတ်ပေးခြင်း လောကနီတိကျမ်းမှ ဆုံးမလမ်းညွှန်ထားသော မကောင်းသောအကျင့်စရိုက် များကိုရှောင်ကြဉ်၍ မိမိအတွက်ကောင်းသော အကျိုးရှိသောပညာကို ဆည်းပူးပါက မိမိဘဝ အောင်မြင်တိုးတက်နိုင်မည်ဖြစ်သည်။

စိတ်တွင် ပြင်းထန်နေသော လောဘ၊ ဒေါသ၊ မောဟတို့သည် ပုထုဇဉ်လူသားတို့အား ဒုက္ခပေး တတ်သည်။ မာန၊ ဣသာ၊ မစ္ဆရိယ၊ ဒိဋ္ဌိတို့ကို သယ်ဆောင်မိပြီဆိုလျှင် တစ်နေ့တာဘဝက လေးလံစွာ ဖိစီးနေပါလိမ့်မည်။ နိုင်ငံသားတိုင်း ပညာတတ် နှလုံးလှကြပြီဆိုလျှင် လူနှင့်တကွ ဂေဟစနစ်ကြီးသည် ရေရှည်တည်တံ့ဖွံ့ဖြိုးလျက် ထာဝရအကျိုးပြုနိုင်မည်၊ သဘာဝသယံဇာတတို့ သည် ပို၍တန်ဖိုးရှိလာမည်ဖြစ်သည်။

နိဂုံးချုပ်အားဖြင့် … ရေ၊ မြေ၊ တောတောင် သယံဇာတ၊ မြေပေါ်မြေအောက်သယံဇာတ ပေါကြွယ်ဝနေသည်မို့ ချမ်းသာနိုင်သည်။ ပညာနှင့်အတတ်ပညာ အမြော်အမြင်ကြီး လျှင် ပို၍ချမ်းသာလိမ့်မယ်။ “သံသေ တစ်ပြည်ဝ”ဆိုသည်မှာ မည်မျှအရေးကြီး ကြောင်း အတတ်ပညာ၊ နည်းပညာပါသည့် လူ့အဖွဲ့အစည်းသည် ချမ်းသာနိုင်သည်ကို ကမ္ဘာကိုကြည့်လျှင် မြင်တွေ့နိုင်ပါသည်။

ယနေ့အချိန်အခါတွင် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေး၊ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်ရေး မည်မျှအရေးကြီးကြောင်း၊ ရေခံမြေခံကောင်းသော၊ သယံဇာတပေါကြွယ်သော၊ ပထဝီနိုင်ငံရေးကောင်း သော မြန်မာနိုင်ငံကြီးအား ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရှိစေရေး မည်မျှအရေးကြီးကြောင်းနှင့် နိုင်ငံသားတိုင်း ပညာတတ် နှလုံးလှကြပြီဆိုလျှင် ပထဝီ၊ တေဇော၊ အာဘော၊ ဝါယောဟူသော ဓာတ်ကြီးလေးပါး သယံဇာတတို့သည် ပို၍တန်ဖိုးရှိလာမည် ဖြစ်ကြောင်း ရေးသားအပ်ပါသည်။ ။

မူရင်းသတင်း — Myanmar Digital News