NP News

ကမ္ဘာ့အကြီးဆုံးဒုံးပျံကြီးကို SpaceX ကုမ္ပဏီလွှတ်တင်ခဲ့ပေမယ့် တွန်းကန်အားပေးတဲ့အစိတ်အပိုင်းက မီးလောင်ပေါက်ကွဲသွား

Pika (NP News) - နိုဝင်ဘာ ၁၄

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မတ်ရဲ့ SpaceX ကုမ္ပဏီက ကမ္ဘာ့အကြီးဆုံးနဲ့အားအပြင်းဆုံးဒုံးပျံကို လွှတ်တင်ခဲ့ပြီး ဂြိုလ်ပတ်လမ်းကို ပို့ဆောင်ပေးမယ့် ဒုံးပျံစနစ်တစ်ခုလုံးကို သမိုင်းမှာပထမဆုံးအကြိမ်အဖြစ် အကောင်းအတိုင်းပြန်လည်ရယူနိုင်ဖို့ ကြိုးပမ်းခဲ့တယ်လို့သိရပါတယ်။

အမြင့်(၁၂၄)မီတာရှိတဲ့ Starship ဒုံးပျံဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တောင်ပိုင်းမှာရှိတဲ့ Starbase စခန်းကနေ ထွက်ခွာခဲ့ပြီး မျိုးဆက်သစ် Starlink ဂြိုဟ်တု(၂၆)လုံးကို ဂြိုလ်ပတ်လမ်းထဲကို သယ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။
အဲဒီမစ်ရှင်ရဲ့ရည်ရွယ်ချက်က ဒုံးပျံကြီးရဲ့အပိုင်းနှစ်ခုစလုံးက လွှတ်တင်တဲ့နေရာကို ပြန်လည်ရောက်ရှိလာစေဖို့နဲ့ လွှတ်တင်ရေးမျှော်စင်မှာ တပ်ဆင်ထားတဲ့ လက်တံကြီးတွေနဲ့ ဖမ်းယူပြီး အကောင်းပကတိတိုင်းပြန်လည်ထားနိုင်တယ်ဆိုတာကို သက်သေပြဖို့ဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီလိုမျိုးလုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် ဒုံးပျံရဲ့အပိုင်းနှစ်ခုစလုံးက အစိတ်အပိုင်းတွေကို ပြန်လည်မွမ်းမံပြုပြင်ပြီး နောက်ထပ်လွှတ်တင်မှုတွေမှာ ထပ်မံအသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဒုံးပျံကြီးရဲ့တွန်းကန်အားပေးတဲ့အပိုင်းက စီစဉ်ထားတဲ့အတိုင်း အကောင်းအတိုင်းပြန်လည်မဆင်းသက်နိုင်ခဲ့ဘဲ မြေပြင်အနီးကိုရောက်တဲ့အချိန်မှာ ပေါက်ကွဲသွားခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးတော့ ဒုံးပျံကြီးရဲ့ တွန်းကန်အားပေးတဲ့အပိုင်းချို့ယွင်းမှုနဲ့ပတ်သက်ပြီး SpaceX ကုမ္ပဏီဘက်က ချက်ချင်းပြန်လည်ဖြေရှင်းတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။
ဒါပေမဲ့ Starship ဒုံးပျံရဲ့အပေါ်ပိုင်းအဆင့်ကတော့ ဂြိုလ်ပတ်လမ်းထဲကို အောင်မြင်စွာရောက်ရှိသွားခဲ့ပြီး သယ်ဆောင်လာတဲ့ ဂြိုလ်တုတွေကို အောင်အောင်မြင်မြင်နဲ့ ဖြန့်ကျက်ချထားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီဒုံးပျံအပေါ်ပိုင်းအဆင့်က ကမ္ဘာကြီးကို (၁၅)ပတ်လောက် လှည့်ပတ်ပျံသန်းပြီးရင် နိုဝင်ဘာလ(၁၄)ရက်နေ့မှာ တက္ကဆက်ပြည်နယ်ကို ပြန်လည်ဆင်းသက်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။

ဒုံးပျံအပေါ်ပိုင်းအဆင့်က ပြန်လည်ဆင်းသက်လာတဲ့အချိန်မှာ SpaceXကုမ္ပဏီက လွှတ်တင်တဲ့နေရာမှာရှိတဲ့ ဧရာမလက်တံကြီးတွေကိုသုံးပြီး ဖမ်းယူဖို့ စီစဉ်ထားတယ်လို့လည်းသိရပါတယ်။
အကယ်၍ အဲဒီအဆင့်ကသာ အောင်မြင်ခဲ့မယ်ဆိုရင် ဒီလုပ်ဆောင်ချက်က ဂြိုလ်ပတ်လမ်းကနေ Starship အာကာသယာဉ်တစ်စင်းကို ပထမဆုံးအကြိမ် ပြန်လည်ဆယ်ယူနိုင်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်လာမှာဖြစ်တယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — NP News