သတိုး
၁၃. ၁၁. ၂၀၂၆
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီသည် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် မနီလာမြို့သို့ သွားရောက်မည့် ရက်ပိုင်းအလိုတွင် မြန်မာနိုင်ငံကို အထီးကျန်အောင် ဖယ်ကြဉ်ထားခြင်းသည် အဖြေမဟုတ်ကြောင်း ထပ်လောင်းပြောကြားလိုက်သည်ဟု NDTV သတင်းဌာနက ဖော်ပြသည်။
ခြောက်နှစ်မြောက်ထဲသို့ ရောက်ရှိလာပြီဖြစ်သည့် မြန်မာနိုင်ငံမှစစ်ပွဲများသည် အိန္ဒိယနှင့် အာဆီယံအဖွဲ့တို့အတွက် စမ်းသပ်မှုတစ်ခု ဖြစ်နေသည်။
“မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က အလွန်ရှင်းလင်းပါတယ်။ မြန်မာကို အထီးကျန်ထားမယ်ဆိုရင် ဒါဟာ မှန်ကန်တဲ့ ချဉ်းကပ်မှု မဟုတ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အဲဒီလစ်ဟာမှုကို တခြားသူတစ်ဦးဦးက ဝင်ရောက်ဖြည့်ဆည်းသွားမှာ ဖြစ်လို့ပါပဲ။ ထိတွေ့ဆက်ဆံခြင်းကလွဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး” ဟု ပြည်ပရေးရာဝန်ကြီးဌာန အတွင်းဝန် (အရှေ့ပိုင်းရေးရာ) ရူဒရန်ဒရာ တန်ဒွန်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ထို့ပြင်”မြန်မာနိုင်ငံနဲ့ အာဆီယံရဲ့ ထိတွေ့ဆက်ဆံမှုကို ကျွန်တော်တို့ အခိုင်အမာ ထောက်ခံပါတယ်။ မြန်မာဟာ ရှုပ်ထွေးတဲ့ လူ့အဖွဲ့အစည်းရှိတဲ့ နိုင်ငံတစ်နိုင်ငံပါ။ စိတ်ရှည်သည်းခံပြီး မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့က အလွန်အရေးကြီးပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဒေသတွင်း၌ မြန်မာနိုင်ငံ၏ အနေအထား ပြောင်းလဲလာချိန်တွင် ယခုကဲ့သို့ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်က အာဏာထိန်းသိမ်းပြီး စစ်ပွဲများ စတင်ဖြစ်ပွားခဲ့ချိန်မှစ၍ မြန်မာအစိုးရခေါင်းဆောင်များကို အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့ရာ ယင်းမှာ နေပြည်တော်အပေါ် အာဆီယံ၏ တုံ့ပြန်မှုတွင် အဓိကလက္ခဏာတစ်ရပ် ဖြစ်ခဲ့သည်။
ယခုအခါ ထိုသို့ အထီးကျန်ဖယ်ကြဉ်ခံရမှုမှာ လျော့ပါးလာပုံရသည်။ ယခုနှစ် အစောပိုင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းနှင့် လက်ရှိ မြန်မာနိုင်ငံ၏ ရွေးကောက်ခံသမ္မတ ဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ နယူးဒေလီသို့ တရားဝင်ခရီးစဉ်သည် မြန်မာစစ်ဘက်ခေါင်းဆောင်ပိုင်းနှင့် အိန္ဒိယတို့၏ ဆက်ဆံရေးတွင် အလှည့်အပြောင်းတစ်ခုအဖြစ် ရှုမြင်ခံခဲ့ရသည်။ ဧပြီလမှစ၍ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတို့မှ ခေါင်းဆောင်များကလည်း မြန်မာနိုင်ငံတော်သမ္မတကို လက်ခံတွေ့ဆုံခဲ့ကြသည်။
ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းနှင့် ယခုနှစ် အစောပိုင်းတို့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများမှတစ်ဆင့် အစိုးရသစ် တက်လာခြင်းက ဆက်ဆံရေး ပြေလည်လာစေရန် ဖန်တီးပေးခဲ့သည်။ ဆက်ဆံရေး တိုးတက်လာသည်နှင့်အမျှ နေပြည်တော်သည် အာဆီယံအဖွဲ့အတွင်း ၎င်း၏ အခွင့်အရေးများကို ပြန်လည်ပေးအပ်ရန် တောင်းဆိုလျက်ရှိသည်။ အာဆီယံအဖွဲ့၏ အကျပ်အတည်းအပေါ် တုံ့ပြန်မှုမှာ ၂၀၂၂ ခုနှစ်တွင် ကြေညာခဲ့သော ဘုံသဘောတူညီချက် ငါးရပ်အပေါ်တွင်သာ ဆက်လက်အခြေခံထားဆဲဖြစ်ပြီး ယင်းမှာ မြန်မာနိုင်ငံအား ဒေသတွင်း အဖွဲ့အစည်းအတွင်းသို့ ပြန်လည်ပေါင်းစည်းနိုင်ရန် လမ်းခင်းပေးဖို့ ရည်ရွယ်ခြင်းဖြစ်သည်။
ဝန်ကြီးချုပ် မိုဒီသည် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် အာရ် မားကို့စ် ဂျူနီယာ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာလ ၁၆ ရက်မှ ၁၇ ရက်နေ့အထိ မနီလာမြို့သို့ သွားရောက်မည်ဖြစ်သည်။ ၎င်းသည် ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၃) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးနှင့် (၂၁) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးတို့ကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် တက်ရောက်မည်ဖြစ်သည်။
အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးတွင် “အာဆီယံ-အိန္ဒိယ လုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀)” အပါအဝင် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ တိုးတက်မှုများကို ပြန်လည်သုံးသပ်မည်ဖြစ်ပြီး အနာဂတ်ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းကို ရေးဆွဲမည်ဖြစ်သည်။ အရှေ့အာရှ ထိပ်သီးအစည်းအဝေးသည် ခေါင်းဆောင်များအနေဖြင့် အာဆီယံနှင့် အခြားပါဝင်တက်ရောက်သည့် နိုင်ငံများနှင့်အတူ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးကြီးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ရန် အခွင့်အလမ်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။
အိန္ဒိယ-အာဆီယံ ဆက်ဆံရေးသည် အိန္ဒိယ၏ “အရှေ့မျှော်မူဝါဒ” (Act East Policy) နှင့် ၎င်း၏ အင်ဒို-ပစိဖိတ် မျှော်မှန်းချက်တို့၏ အဓိကမဏ္ဍိုင်တစ်ခုဖြစ်ကြောင်း ပြည်ပရေးရာဝန်ကြီးဌာနက ပြောကြားခဲ့သည်။ နှစ်ဖက်စလုံးက ၂၀၂၆ ခုနှစ်ကို “အာဆီယံ-အိန္ဒိယ ရေကြောင်းပူးပေါင်းဆောင်ရွက်မှုနှစ်” အဖြစ် ကျင်းပနေချိန်တွင် ယခုခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၂၀၂၇ ခုနှစ်သည် ဆွေးနွေးဖက်ဆက်ဆံရေး (၃၅) နှစ်မြောက် နှစ်ပတ်လည်နှင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (၅) နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်လာမည်ဖြစ်သည်။
Ref: NDTV