Eleven Media Group

ဂါဇာသို့ ကူညီထောက်ပံ့ရေးယာဉ်များ ဝင်ခွင့်ပြုရန် အစ္စရေးကို လူးဝစ်ဟာမီလ်တန် တိုက်တွန်း

ဂါဇာသို့ ကူညီထောက်ပံ့ရေးယာဉ်များ ဝင်ခွင့်ပြုရန် အစ္စရေးကို လူးဝစ်ဟာမီလ်တန် တိုက်တွန်း

ဂါဇာသို့ လူသားချင်းစာနာမှုအကူအညီများ ပို့ဆောင်နိုင်ရေးအတွက် အစ္စရေးအနေဖြင့် အကူအညီပေးရေးယာဉ်များကို ဝင်ခွင့်ပြုရန် နာမည်ကျော် ဗြိတိန်ဖော်မြူလာဝမ်း ကားမောင်းသမား လူးဝစ်ဟာမီလ်တန်က နိုဝင်ဘာ ၁၁ ရက်တွင် တိုက်တွန်းခဲ့သည်။

ဟာမီလ်တန်သည် အီဂျစ်နိုင်ငံ အယ်လ်အာရစ်ရှ်မြို့သို့ နိုဝင်ဘာ ၁၀ ရက်တွင် ရောက်လာခဲ့ပြီး ဂါဇာသို့ပို့ဆောင်မည့် အကူအညီများကို မည်သို့ပြင်ဆင်၊ ညှိနှိုင်းဆောင်ရွက်ကြသည်များကို လေ့လာခဲ့သည်။ ထို့နောက် ရာဖာနယ်စပ်ဖြတ်ကျော်ဂိတ်နှင့် အီဂျစ်လခြမ်းနီအဖွဲ့၏ ထောက်ပံ့ရေးပစ္စည်း သိုလှောင်ရုံများကို သွားရောက်ကြည့်ရှုခဲ့သည်။

နယ်စပ်တွင် အစားအစာများတင်ဆောင်ထားသည့် ထောက်ပံ့ရေးယာဉ်များ တန်းစီစောင့်ဆိုင်းနေသည်ကို ဟာမီလ်တန်က တွေ့ခဲ့ရပြီး ထိုယာဉ်များ အချိန်ကြာမြင့်စွာ ရပ်တန့်စောင့်ဆိုင်းရခြင်း ၊ အကြီးအကျယ်နှောင့်နှေးခြင်းများက ပုံမှန်ဖြစ်နေပြီဟု ၎င်းကပြောသည်။

အနီးအနားရှိ ထောက်ပံ့ပို့ဆောင်ရေးစင်တာတစ်ခုတွင်လည်း အဓိပ္ပာယ်မရှိသည့် အကြောင်းပြချက်များဖြင့် ပို့ခွင့်မရဖြစ်နေသည့် ရှေးဦးသူနာပြုပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာကိရိယာများ၊ ဝှီးချဲများနှင့် ကလေးများအတွက် ဘောလုံးများအပါအဝင် ပစ္စည်းများကို တွေ့ခဲ့သည်ဟု ဟာမီလ်တန်က ဆိုသည်။

“အစ္စရေးအနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ လိုက်နာရမယ့် တာဝန်တွေကို ဖြည့်ဆည်းပြီး အကူအညီပေးရေးယာဉ်တွေကို ဝင်ခွင့်ပြုရမယ်။ ဆင်ခြေမပေးသင့်ဘူး။ သူတို့ရဲ့ ဒုက္ခတွေကို ကျွန်တော်တို့က မျက်နှာလွှဲထားတာမျိုး၊ ကျင့်သားရသွားတာမျိုး မဖြစ်စေချင်ဘူး” ဟုလည်း ၎င်းကပြောခဲ့သည်။

အသက် ၄၁ နှစ်အရွယ် ဟာမီလ်တန်သည် လူသားချင်းစာနာမှုကိစ္စရပ်များကို ထောက်ခံအားပေးသူတစ်ဦးဖြစ်ပြီး လူငယ်များအတွက် ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ရည်ရွယ်သည့် Mission 44 ပရဟိတအဖွဲ့ကို ၂၀၂၁ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

Ref: Reuters

AP Photo

မူရင်းသတင်း — Eleven Media Group