
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်
ရှမ်းပြည်နယ်တွင် ပြီးခဲ့သည့် ၃ လအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၅၀၂ ဦး အပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၇၅၉ ဦး ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
အဆိုပါ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများကို ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ကိုင်သူများက ၎င်းတို့ နိုင်ငံသားများကို အဓိကပစ်မှတ်ထား၍ ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
ငွေကြေးလိမ်လည်သူများက အွန်လိုင်းပေါ်တွင် ဆုကြေးငွေများပေါက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်အောင် ဆွဲဆောင် ခြင်း၊ အလုပ်အကိုင်ခေါ်ယူခြင်း စသသည့် အမျိုးမျိုးသော အကြောင်းများဖြင့် AI နည်းပညာများအသုံးပြု၍ လိမ်လည် နေခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်ကလည်း ကျေးသီးမြို့နယ်တွင် အွန်လိုင်း လိမ်လည်လောင်းကစားပြုလုပ်သူ တရုတ်နိုင်ငံသား ၁၅ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။