




ရောင်ဝါ
၁၃. ၁၁. ၂၀၂၆
“ဝ” ဒေသအတွင်း လူမှုကွန်ရက်စာမျက်နှာတွေ မှာ (Tik Tok , Facebook, We Chat) သတင်းအမှား ဖြန့်ဝေသူတွေနဲ့ တရားမဝင် Video ရိုက်ကူးတင်ဆက်သူတွေကို အရေးယူသွားမှာ ဖြစ်တယ်လို့ “ဝ” ပြည်နယ်တရားရေးဌာနက ထုတ်ပြန်တာကို UWSA ဩဇာခံမီဒီယာ Wa News Land က သတင်းဖော်ပြလာပါတယ်။
သတင်းမထုတ်ပြန်ခင်က “ဝ” လက်နက်ကိုင် UWSA အမှတ်တံဆိပ်ပါ လိင်ဆက်ဆံမှုဗီဒီယိုဟာ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံနှံ့လာခဲ့ပါတယ်။ ပျံ့နှံ့လာတဲ့ ရုပ်သံအရ ဗီဒီယိုထဲ တရုတ်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတွေပါဝင်သရုပ်ဆောင်ထားပြီး UWSA ဘတ်တံဆိပ်ပါ ဝတ်စုံကို ဝတ်ဆင်ထားတာ တွေ့ရှိရပြီး ဒီ 18+ Sex Movie ကိုတော့ Madou Media က Code MD-0301 အမည်နဲ့ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။
‘ဝ’ ဘက်က အင်တာနက် စောင့်ကြည့်ရေးအဖွဲ့အဖြစ် အင်တာနက်ပေါ် စည်းကမ်းဖောက်ဖျက်မှုတွေကို စစ်ဆေးမဲ့တပ်ဖွဲ့အသစ်ကို ဖွဲ့စည်းလိုက်တယ်လို့လည်း ဖော်ပြထားပါတယ်။
အဓိကအရေးယူမယ့် အချက်တွေက အကြောင်းမရှိဘဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ ၊ သတင်းအမှားနဲ့ကောလာဟလတွေ ဖြန့်ဝေတာ၊ မူးယစ်ဆေးဝါးနဲ့ တရားမဝင် ပစ္စည်းတွေကို အွန်လိုင်းပေါ် ပရိုမိုးရှင်းလုပ်ကာ ရိုက်ကူးတင်ဆက်တာတွေကို တင်းကျပ်စွာ အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စည်းကမ်းဖောက်ဖျက်ပြီး တင်ထားတဲ့ ဗီဒီယိုဖိုင် ၁၀၀ ကျော်ကိုဖျက်ဆီးနိုင်ခဲ့ပြီး သက်ဆိုင်သူတွေကို သတိပေးတားမြစ်တာ၊ ဒဏ်ငွေရိုက်တာနဲ့ ဖမ်းဆီးချုပ်နှောင်တာတွေ ကိုပြုလုပ်နေတယ်လို့ သိရပါတတယ်။
ဒါ့အပြင် စားသောက်ဆိုင်အတွင်း K (မူးယစ်ဆေးဝါး) သုံးစွဲနေပုံကို ရိုက်ကူးပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့သူတွေကို အရေးယူတာတွေလုပ်ဆောင်ခဲ့သလို တိုက်ခန်းအတွင်း မူးယစ်ဆေး ဝါးသုံးစွဲကာ စည်းကမ်းမဲ့ ပြုလုပ်နေတဲ့ပုံကို ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ် တင်ခဲ့သူတွေကိုလည်း အရေးယူခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် အင်တာနက်ပေါ်မှာ မိမိစိတ်ကြိုက် တရားမဝင်တာတွေ လုပ်ပိုင်ခွင့်မရှိဘူးလို့ဆိုထားပြီး စည်းကမ်းလိုက်နာပေးကြရန်နဲ့ အခုလို မသမာတဲ့ ဗီဒီယို/သတင်းမှားတွေကို တွေ့ရှိပါက တင်းကျပ်စွာ အရေးယူသွားမယ်လို့ သတိပေးလာပါတယ်။
Ref & Photo Wa News Land