
ရောင်နီ (NP News) - နိုဝင်ဘာ ၁၃
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ဘရွတ်ကလင်ရပ်ကွက်မှာ လူနေအဆောက်အအုံတစ်လုံးပြိုကျမှု ကြောင့် လူ (၈) ဦးထက်မနည်း သေဆုံးပြီး လူ (၁၈) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မြို့တော်ဝန် ဇိုရန်မမ်ဒါနီက အဆိုပါဖြစ်စဉ်နဲ့ဆက်စပ်နေတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးဖို့ ညွှန်ကြားခဲ့ပါတယ်။
နိုဝင်ဘာလ(၁၁) ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့အဆိုပါအဆောက်အအုံပြိုကျမှုအပြီး နောက်တစ်ရက်မှာ မြို့တော်ဝန် မမ်ဒါနီက ပြိုကျခဲ့တဲ့အဆောက်အအုံဘေးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ဆက်စပ်နေတဲ့ ကုမ္ပဏီ ငါးခုအပြင် ၎င်းကုမ္ပဏီတွေနဲ့ဆက်နွယ်နေတဲ့အခြားလုပ်ငန်းခွင် (၁၀၀) ကိုပါ စစ်ဆေးသွားမယ်လို့ ပြောကြားခဲ့ပါ တယ်။ ပြိုကျခဲ့တဲ့အဆောက်အအုံဘေးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အခုနှစ် အစောပိုင်းကတည်းက မြေတူး ဖော်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေခဲ့တာကို ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းတွေအရ သိရပါတယ်။
ဒါအပြင် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ ပြီးခဲ့တဲ့ စက်တင်ဘာလက တင်သွင်းခဲ့တဲ့တရားဝင် အကြောင်းကြား စာမှာ မြေတူးဖော်ရေးလုပ်ငန်းအတွင်း ကျောက်သားတွေကို ဖောက်ခွဲတူးဖော်ခြင်းတို့ ပါဝင်တယ်လို့ ဖော်ပြထားပါ တယ်။ အဆောက်အအုံအပျက်အစီးတွေအတွင်းမှ လူခြောက်ဦးရဲ့ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပြီး နောက်ပိုင်းမှာ ဒဏ်ရာတွေကြောင့် နောက်ထပ်နှစ်ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးနှစ်ဦး ပါဝင်ပြီး ကျန်တဲ့အရွယ်ရောက်ပြီးသူ ခြောက်ဦးထဲက နှစ်ဦးဟာ ဆောက်လုပ် ရေးလုပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ (၁၈) ဦးရှိခဲ့ပြီး အဲဒီထဲမှာ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့တဲ့ မီးသတ်သမား (၄)ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။
မြို့တော်ဝန် မမ်ဒါနီက နယူးယောက်မြို့တစ်ဝန်းရှိ အခြားဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို စစ်ဆေးဖို့ အဆောက်အအုံစစ်ဆေးရေးအဖွဲ့တွေ စေလွှတ်ထားတယ်လို့ ဆိုပါတယ်။ ဒါအပြင် အဆိုပါဖြစ်စဉ်မှာ တာဝန်ရှိသူ (သို့) အဖွဲ့အစည်းတစ်ခုခုရှိရင် အပြည့်အဝ တာဝန်ယူစေမှာ ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။ ပြိုကျ ခဲ့တဲ့လူနေအဆောက်အအုံဟာ ၁၉၃ဝ ပြည့်နှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး လူနေအခန်း(၄)ခန်း ပါဝင်ကာ ရွှေ့ပြောင်းအခြေချ မိသားစုအများအပြား နေထိုင်ပါတယ်။ သေဆုံးသူတွေထဲမှာ အီကွေဒေါနိုင်ငံသား(၂)ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။
