NP News

မကွေးတွင် ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးသည့် (၇) တန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံး

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ဧရာဝတီမြစ်တွင် ရေဆင်းချိုးသည့် (၇) တန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း KS လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ ယနေ့ (နိုဝင်ဘာ ၁၃ရက်) နေ့လည် (၁၂) နာရီဝန်းကျင်ခန့်က မကွေးမြို့၊ ကင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ဧရာဝတီမြစ်တွင် (၇) တန်းကျောင်းသား (၄) ယောက် ရေဆင်းချိုးရာမှ တစ်ဦးမှာ ရေနစ်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“(၇) တန်းကျောင်းသားလေးတွေ (၄) ယောက်က ရေဆင်းချိုးတာ။ ရေတိမ်တဲ့နေရာကို ရေဆင်းချိုး ကြရင်းနဲ့ ရေနစ်တာ။ (၃) ယောက်ကတော့ ကမ်းဘက်ကူးလာနိုင်တယ်။ တစ်ယောက်ကတော့ ကျန်နေခဲ့တာ။ နောက်မှာကျန်ခဲ့တာကို နစ်နေတာကို ကမ်းပေါ်ကလူတွေက မြင်လိုက်တာ။ ရေတိမ်တော့ တိမ်တယ်။ လူကြီးပေါင်လောက်ပဲရှိတာ။ သို့ပေမဲ့ အဲဒီနေရာက ချိုင့်တွေ ဘာတွေထဲကျသွားလို့ ဖြစ်မယ်” ဟု ၎င်းက ပြောသည်။
သေဆုံးသူမှာ အသက် (၁၃) နှစ်ခန့်ရှိပြီဖြစ်ပြီး လက်ရှိတွင်၎င်းရုပ်အလောင်းအား မကွေးပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ထားပြီး သိရသည်။
ထို့ပြင် ကျန်ရှိသည့် ကျောင်းသား (၃) ဦးကို ၎င်းတို့မိဘများထံပြန်လည် အပ်နှံထားကြောင်း သိရသည်။

မူရင်းသတင်း — NP News