
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်
ဘောလိဝုဒ်ရုပ်ရှင်မင်းသား၊ မင်းသမီးတွေကို သေနတ်နဲ့ ပစ်ခတ်တာ၊ ငွေညှစ်ဖို့ ခြိမ်းခြောက်တာတွေ ဆက်တိုက် ဖြစ်လာတာကြောင့် မွမ်ဘိုင်းမြို့က ရုပ်ရှင်လောကမှာ လုံခြုံရေးအစောင့်တွေ ပိုမိုငှားရမ်း လာကြပါတယ်။ ဒီအခြေ အနေကြောင့် ၁၉၉၀ ပြည့်လွန်နှစ်တွေက ရာဇဝတ်ဂိုဏ်းတွေ ရုပ်ရှင် လောကကို လွှမ်းမိုးခဲ့တဲ့အချိန် ပြန်ရောက်လာ မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။
ရဲတပ်ဖွဲ့က လတ်တလောဖြစ်ရပ်တွေကို ထောင်ဒဏ်ကျခံနေရတဲ့ အိန္ဒိယရာဇဝတ်ဂိုဏ်းခေါင်းဆောင် လောရင့်စ် ဘစ်ရှ်နွိုင်းရဲ့ ဂိုဏ်းနဲ့ ဆက်စပ်နေတယ်လို့ ပြောပါတယ်။ မကြာသေးခင်က မင်းသား တိုင်ဂါး ရှရော့ဖ်ရဲ့ ကားကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး မင်းသား တုရှာကပူးရ်ထံက အမေရိကန်ဒေါ်လာ ၆ သိန်း ငွေညှစ်ဖို့ တောင်းဆိုခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။
အောက်တိုဘာလက ရှရော့ဖ်ရဲ့ကား ပစ်ခတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး လူ ၁၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ငွေညှစ်ဖို့၊ ဂိုဏ်းအင်အားပြဖို့နဲ့ ကြောက်ရွံ့မှုဖြစ်အောင် လုပ်ဆောင်တာလို့ စွပ်စွဲထား ပါတယ်။ တခြားနာမည်ကြီး သူတွေလည်း စောင့်ကြည့်ခံနေရတယ်လို့ ရဲတွေက ပြောပါတယ်။
ဒီအခြေအနေကြောင့် နာမည်ကြီးမင်းသား အမီတာဘချန်ဟာ မကြာသေးခင်က သူ့အိမ်ရှေ့မှာ ပရိသတ်တွေကို နှုတ်ဆက်ရာမှာ ကျည်ကာအကာအကွယ်နောက်ကနေ နှုတ်ဆက်ခဲ့ရပြီး မင်းသား ရှာရွတ်ခန်းရဲ့ မွေးနေ့အတွက်လည်း သူ့အိမ်အနီး လုံခြုံရေးတင်းကျပ်ခဲ့ပါတယ်။
ဒါပေမဲ့ စုံစမ်းဖော်ထုတ်ရေးသတင်းထောက်ဟောင်းနဲ့ စာရေးဆရာ အက်စ်. ဟူစိန် ဇိုင်ဒီကတော့ ၁၉၉၀ ပြည့်လွန် နှစ်တွေက အဓိက ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေဟာ သေဆုံး၊ ထောင်ကျ ဒါမှမဟုတ် လှုပ်ရှားမှုရပ်ထားကြပြီ ဖြစ်တာကြောင့် အဲဒီကာလ ပြန်ရောက်လာပြီလို့ မဆိုနိုင်သေးဘူးလို့ ပြောပါတယ်။ လက်ရှိမှာ လောရင့်စ် ဘစ်ရှ်နွိုင်းဟာ လူသိများတဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်ပေမယ့် သူကိုယ်တိုင်က ထောင်ထဲမှာ ရှိနေပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေနဲ့ ၂၀၀၀ ပြည့်လွန်နှစ်အစောပိုင်းတွေမှာ ဒေါ်ဝဒ် အီဘရာဟင်နဲ့ ချိုတာ ရာဂျန်တို့လို ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေက ရုပ်ရှင်ထုတ်လုပ်ရေး၊ သရုပ်ဆောင်ရွေးချယ်မှုနဲ့ ဖြန့်ချိရေးလုပ်ငန်းတွေမှာ ငွေညှစ်ခြိမ်းခြောက်မှုနဲ့ အကြမ်းဖက်မှုတွေ အသုံးပြုပြီး လွှမ်းမိုးခဲ့ ကြပါတယ်။ နောက်ပိုင်း ရဲတပ်ဖွဲ့က အရေးယူမှုတွေ တင်းကျပ်လာတာနဲ့ ကော်ပိုရိတ်ငွေကြေးတွေ ရုပ်ရှင်လုပ်ငန်းထဲ ဝင်ရောက်လာတာကြောင့် ရာဇဝတ်ဂိုဏ်းတွေရဲ့ လွှမ်းမိုးမှု လျော့ကျသွားခဲ့ပါတယ်။
လောလောဆယ် ဖြစ်ပွားနေတဲ့ ခြိမ်းခြောက်မှုတွေထဲမှာ လောရင့်စ် ဘစ်ရှ်နွိုင်းရဲ့ ဂိုဏ်းနဲ့ မင်းသား ဆယ်လ်မန် ခန်းအပေါ် ခြိမ်းခြောက်မှုတွေကလည်း ထင်ရှားပါတယ်။ ၂၀၂၄ ခုနှစ်မှာ ရုပ်ရှင်လောကနဲ့ နီးစပ်တဲ့ နိုင်ငံရေးသမား ဘာဘာ ဆစ်ဒစ်ကို သတ်ဖြတ်မှုမှာလည်း ဘစ်ရှ်နွိုင်းဂိုဏ်းဝင်တွေ ပါဝင် တယ်လို့ အိန္ဒိယအာဏာပိုင်တွေက စွပ်စွဲထားပါတယ်။
ရုပ်ရှင်ထုတ်လုပ်သူ ဘိုနီ ကပူးရ်ကတော့ လက်ရှိဖြစ်ရပ်တွေဟာ အချိန်တိုအတွင်း ပြန်လည် လျော့ကျသွားမယ်လို့ ယုံကြည်ပေမယ့် ဒီလိုသေနတ်ပစ်ခတ်မှုတွေကိုတော့ လျစ်လျူရှုလို့မရဘဲ သတိထားဖို့လိုတယ်လို့ ပြောပါတယ်။
Ref – The Star