NP News

မင်္ဂလာတောင်ညွန့်တွင် အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်သွားသည့် ကျူးလွန်သူကို စုံစမ်းဖော်ထုတ်နေ

သန့်ဇင်(NP News)-နိုဝင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်တွင် အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်သွားသည့် ကျူးလွန်သူကို စုံစမ်းဖော်ထုတ်နေကြောင်း မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက NP News သို့ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့( နိုဝင်ဘာ ၁၂ ရက်) မွန်းလွဲပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းမကြီးနှင့် ၅ လမ်းဆုံအနီးရှိ ကွန်ဒိုတစ်ခု တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ဒိုရှိ (၅) လွှာတွင်နေထိုင်သော အသက်ကြီးပိုင်းအရွယ် အမျိုးသမီးကြီးတစ်ဦးအား ကျူးလွန်သူက ဦးခေါင်းပြတ်ထွက်သည် အထိ ခုတ်ထစ်သတ်ဖြတ်ကာ ကွန်ဒိုတိုက်ခန်းရှိ ရေခဲသေတ္တာအတွင်း ထည့်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ကွန်ဒို၌ နေထိုင်သူများက တွေ့ရှိခဲ့ပြီးနောက် သက်ဆိုင်ရာသို့ တိုက်ကြားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဆိုသည်။
“တရားခံတော့ မမိသေးဘူး။ မင်္ဂလာတောင်ညွန့်က အရင်တုန်းက အေးချမ်းတဲ့နယ်မြေ။ အခုနောက်ပိုင်း အမှုလေးတွေက တစ်ခုပြီးတစ်ခု ထူးထူးခြားခြားတွေဖြစ်လာတယ်။ ဒီနားမှာ နီးနီးနားနားမှာပဲ ဒါနဲ့ ဆို (၂) မှု ရှိသွားပြီ။ ဟိုတစ်လောက ကြက်ဘဲဈေးနားမှာဖြစ်တယ်။ အခုက တောင်ညွန့်မှာဖြစ်တယ်ဆိုတော့ လူသတ်မှု (၂) ခုက နည်းနည်းနီးနေတယ်။ အခုကိစ္စဖြစ်တာက ဆေးကြောင်ကြောင်တာပေါ့ဗျာ။ ခေါင်းတစ်လုံးလုံးပြတ်တာကြီးတော့ တော်တော်ကို ဆိုးဆိုးရွားရွားကြီးဗျ။ သာမာန်လူတစ်ယောက်ကတော့ အခုလိုကြီးမလုပ်ရဲ ဘူးပေါ့လေ”ဟု ဦးလှဌေးက ပြောသည်။

မူရင်းသတင်း — NP News