Kanbawza Tai News

ရှမ်း နယ်လုံဝန်ကြီး လွှတ်တော်တွင် ကတိသစ္စာပြု ‎

‎‎ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်

‎‎ .

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်က ရှမ်းပြည်နယ်လွှတ်တော်တွင် ကတိသစ္စာပြုခဲ့သည်ဟု သိရသည်။

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နိုဝင်ဘာလ ၁၃ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အစည်းအဝေးတွင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်က လွှတ်တော် ဥက္ကဋ္ဌ ရှေ့မှောက်၌ ကတိသစ္စာ ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ် အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်ရန် နိုဝင်ဘာ ၂ ရက်က ပြုလုပ်သည့် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ပထမနေ့၌ လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးက ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် (၈၈/၂၀၂၆) ဖြင့် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ်လွှတ်‌တော် ဥက္ကဋ္ဌ စိုင်းလုံကျော်က တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး (၁/၂၀၂၆) ဆောင်ရွက်ချက်များ အပါအဝင် လွှတ်တော် လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြ ခဲ့ကြောင်း သိရသည်။

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၃၂ ဦး ရှိသည့်အနက် ယနေ့ ကျင်းပသည့် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ဒုတိယနေ့သို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၉၂ ဦး တက်ရောက်ပြီး ၃၈ ဦး ခွင့်ပန်ကြားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News