
ဆူးငှက်
ဆူးငှက်နှင့် သင်္ကြန် —————————— တစ်နှစ်တစ်ခါ ပေါ်လို့လာ၊ ငါလည်းမင်းလောင်း ထီးဖြူဆောင်း ဆိုသလို မင်းလောင်းမဟုတ်တာ သေချာပေမယ့် သင်္ကြန်နားနီးရင် မီဒီယာတွေက သတင်းတွေအတွက် သင်္ကြန်အစီအစဉ်အတွက် စီမံကြလေတိုင်း ကျွန်တော့်ဆီ ဦးလှည့် (မိုက်ကရိုဖုန်း၊ ကင်မရာလှည့်) ကြလေတော့ တစ်နှစ်တစ်ခါ ပေါ်လို့လာရတာ လေးငါးခြောက်နှစ်မက ရှိရောပေါ့။ ဒီတော့ ကျွန်တော့်မှာ သင်္ကြန်မင်းသားကြီးလိုလို ဖြစ်လို့။ တစ်နှစ်ကများ သင်္ကြန်တွင်း အိမ်တွင်းအောင်းပြီး အပျင်းပြေ တီဗီဖွင့်ကြည့်တော့ လိုင်းတော်တော်များများမှာ ကိုယ့်ရုပ် ကိုယ့်အသံချည်းလိုလိုမို့ အော်ဂလီဆန်မိသေးတော့။
ဆိုတော့ကား သင်္ကြန်နားနီးရင် ကိုယ့်ရုပ် ကိုယ့်အသံပဲ မြင်ရကြားရလေတော့ အကြောင်းမသိသူတွေက ဆူးငှက်ဆိုတာ သင်္ကြန်ဂျပိုး(ကြမ်းပိုး) သင်္ကြန်ရောက်တိုင်း မိုးမလင်းတမ်း မူးရူးပျော်ပါးပြီး နှစ်ဆန်း၁ရက်ရောက်တာနှင့် သင်္ကြန်ကျဖို့ ၃၆၄ရက်ပဲ လိုတော့တယ်လို့ ကြံဖန်တွေးပြီးပျော်နေလိမ့်မယ်ဟု ထင်စရာရှိသည်။ ဂျစ်ကားပေါ်၊ အလှပြယာဉ်ပေါ် သံချပ်အဖွဲ့ပေါ် မဏ္ဍပ်ပေါ် မထတမ်း သီဆို တီးမှုတ် ကခုန် ပျော်ပါးမြူးတူးနေတဲ့ သင်္ကြန်မင်းသားလို့ ထင်ကောင်း ထင်ကြလိမ့်မည်။ ထင်လည်း ထင်နေကြတာ သေချာပါ၏ တကယ်တော့ ကျွန်တော်သည် သင်္ကြန်နှင့် အလွန်ဝေးခဲ့သူဖြစ်သည်။ တစ်သက်နဲ့တစ်ကိုယ် သင်္ကြန်မှာ ဂျစ်ကားနှင့် လည်ဖူးတာ ဘုရားစူး ကျမ်းစူး တစ်ကြိမ်တစ်ခါပဲရှိသည်။ ၁၀တန်းကျောင်းသား လူပျိုပေါက်စ အရွယ်ကပါ။ အဲ့ဒီတစ်နှစ်ပဲ ကားနဲ့လည်ဖူးခဲ့တာ..။ ဒါဖြင့် ညပိုင်း ဟိုအသင်း ဒီအသင်း ဟိုသီချင်း ဒီသီချင်း ဟိုအက ဒီအကတွေ သိနေတာကရောလို့ မေးစရာရှိပါသည်။ ဒီလိုပါ။
ငယ်စဉ်က လမ်းလျှောက်သင်္ကြန် ———————————— ကျွန်တော့် အဘ (အဖေ) က အမေ့ထက်ပိုပြီး အနုပညာကို ဝါသနာပါသည်။ ဗလာဆိုင်းကြိုက်၊ အငြိမ့်ကြိုက်၊ ဇာတ်ကြိုက်၊ ဘိသိက်ကြိုက်၊ စာပြောကြိုက်သည်။ ထို့ကြောင့် သင်္ကြန်ရောက်လျှင် အဘက အကြိုနေ့ညကစပြီး လေးပြင်လေးရပ် ခွဲတမ်းနှင့် မဏ္ဍပ်တွေလှည့်ကြည့်သည်။ အကြိုနေ့ဆို အဝေးဆုံး ဘုရားကြီးဘက်၊ တာရဲတန်းဘက်။ အကျဆိုရင် အရှေ့ပြင် ငုရွှေဝါ၊ ဆောက်လုပ်ရေး ကနေ မီးရထား၊ နဂါးမယ်၊ ယမင်းသူဇာ၊ အကြတ်ဆို ပွဲညွန့်သူဇာ၊ ပိတောက်ရွှေစင်၊ ရွှေမန်းမေ၊ လှသူဇာ၊ အတက်နေ့ဆို နဂါး၊ ဗဟို..။ ဒီလို ဥဒဟိုသွားနေလို့ ကားနဲ့လား၊ ဆိုင်ကယ်နဲ့လား မမေးပါနှင့်။ အဘက စက်ဘီးတောင် မစီးတတ်ပါ။ ခြေကျင်ဖြစ်သည်။
အဘမှာ အဖော်အနေကလည်း နွားမအိုနောက်ကျသား ကျွန်တော်ပဲရှိသည်။ ကျွန်တော်ကလည်း အကြိုနေ့ လောက်ကတော့ တက်တက်ကြွကြွရှိသေးရဲ့၊ အကျရောက်တော့ မဏ္ဍပ်တစ်ခုလောက်ရှိသေး အိပ်ချင်လာပြီ။ ဒီတော့ အဘက ဆောက်လုပ်ရေး မဏ္ဍပ်နား ဗထူးကွင်းဘေးက ကြံရည်ဆိုင်မှာ ဘိလပ်ရေတိုက်သည်။ ကျွန်တော်က ဘိလပ်ရေ အစိမ်းရောင် ကရင်ဆိုဒါကို ကြိုက်သည်။ ဘိလပ်ရေ ဆိုတာကလည်း နေမကောင်းမှသာ သောက်ရတာကိုး၊ အခုလို ကျန်းကျန်းမာမာနှင့် ဘိလပ်ရေသောက်ရသည့် အခွင့်အရေးအတွက် သင်္ကြန်မှာ အဘနောက်က ပုဆိုး ဒရွတ်တိုက်ဆွဲပြီး လိုက်ရတော့သည်။
အကြတ်နေ့ရောက်တော့ တောင်ပြင်နှင့် အနောက်ပြင် ခြေတိုအောင်သွားရတော့ ဖိနပ်ပေါက်ပြီး စောစော အိပ်ချင်နေပါပြီ။ အဘကလည်း ဒီနေ့တော့ နားကြတာပေါ့လို့ ပြောပြီး အိပ်ရာပြင်သည်။ မကြာပါဘူးဗျာ၊ ဂနာရီလောက် ရောက်တော့ ဝင်းပေါက်က တေးသဇင်အလှပြကားကြီးက မီးစက်သံ တဒုန်းဒုန်းနဲ့ မီးရောင်တထိန်ထိန်နဲ့ “ ဒီအတာသင်္ကြန်ပွဲ ပျော်ကြရဲ့လားဗျာ..၊ ဟိုမှာလေ ကြည့်စမ်းပ ရွှေမန်းသူတို့ ပျော်တာ..” ဆိုသည့် ဗုံထောက်သံနှင့် မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ပြီး တငြိမ့်ငြိမ့်ဖြတ်သွားတော့ အဘက အိပ်ရာထဲကနေ ခေါင်းထောင်ပြီး “ ပွဲညွန့်သူဇာဘက် သွားတာနေမှာကွ၊ မင်း အိပ်ချင်ပြီလား” လို့ မေးတော့ ကျွန်တော်ကလည်း အစောကြီးရှိသေးတာ မအိပ်ချင်သေးပါဘူး၊ သွားရင် မီလောက်သေးတယ်” လို့ ပြောပြီး ငုတ်တုတ်ထထိုင်တော့တာ။ ဒီလိုနဲ့ မိကျောင်းတံတားကနေ မိုးကောင်းတိုက် နှင့် ဂွေးချိုတိုက်ဖြတ်ပြီး ပွဲညွန့်သူဇာရှေ့ သားအဖနှစ်ယောက် ရောက်တော့သည်။ အဲ့ဒီက ပြန်ရင်း ပိတောက်သူဇာ၊ ရွှေမန်းမေ၊ လှသူဇာ မဏ္ဍပ်တွေက လမ်းသင့်နေပြီလေ။ အတက်နေ့မှာတော့ ဗဟိုမဏ္ဍပ်သွားမှ ဆုရတဲ့ အလှပြယာဉ်တွေ၊ သံချပ်တွေ မြင်ရ သိရမှာကိုး။ သင်္ကြန်ကို ဒီလိုနှင့် သားအဖနှစ်ယောက် ဆယ်စုနှစ် တစ်နှစ်စွန်းမက ဆင်နွဲခဲ့ကြခြင်း ဖြစ်သည်။
လူပျိုပေါက်အရွယ်ရောက်တော့ အဘနှင့် သာမက ကာလသား ဦးလေးများနှင့် ညရောက်မှ အနီးအနား မဏ္ဍပ်တွေလောက်ပဲ သွားဖြစ်သည်။ ကာလသားပေါက်စ စိတ်နှင့် ရွှေမန်းမေက လှသူဇာက သင်္ကြန်မယ် ချောချောလေး တွေကို စိတ်ကစားကြည့်တာမျိုးပါပဲ။ သင်္ကြန်ကို စွဲစွဲလမ်းလမ်း ဟက်ဟက်ပက်ပက် မရှိလှပေ။ နောက်တော့ ၁၉၈၀ကျော် ကာလ မန္တလေးမီးဘေးတွေကြောင့်ရော စီးပွားရေး နိုင်ငံရေး အကျပ်အတည်းအရရော မန္တလေး သင်္ကြန်က ပါးလျားသွား တော့သည်။ ၁၉၈၃မှာ အိမ်ထောင်ကျပြီး တောင်ဘက်ကျုံးအနီး ဆုတောင်းပြည့်ဘုရားနားက ဟေမာဇလ ရပ်ကွက် ရောက်တော့ မီးရထားနှင့်၊ ဆောက်လုပ်ရေးနှင့်၊ ဗဟိုမဏ္ဍပ်နှင့် နီးပေမယ့် အပျင်းပြေ လမ်းလျောက်ရင်း မိုးတိုးမတ်တပ် ခဏတဖြုတ် ရပ်ကြည့်ရုံပဖြစ်သည်။
အခွင့်ထူးခံ စီးပွားရေးသင်္ကြန် ——————————— ထိုစဉ် ကာလမှာပဲ ဗဟိုမဏ္ဍပ်မှာ သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကား လာရိုက်သည်။ ရုပ်ရှင်ရိုက်တာ မမြင်ဖူးလို့ အိမ်နားလည်း နီးနေတော့ သွားကြည့်ဖြစ်သည်။ ဒီကာလတွေမှာ တိုင်းမှူးက သင်္ကြန်ကို စည်အောင် ကျုံးပတ်လည်မှာ မြို့နယ်အလိုက် ဧရာမ မဏ္ဍပ်ကြီးတွေဆောက်ခိုင်း၊ ဌာနဆိုင်ရာတွေကို အလှပြယာဉ်တွေ ထွက်ခိုင်း၊ ပြိုင်ပွဲပေါင်းစုံလုပ် သံချပ်တွေ ပိတ်ဆိုတော့ မူလသင်္ကြန်ရဲ့ အနှစ်သာရတွေ ပျောက်ကုန်လို့ စိတ်မဝင်စားတော့။
ဒီနောက် ၁၉၈၈ လူထုအရေးတော်ပုံကြီး ပေါ်ပေါက်ပြီး ညမထွက်ရ အမိန့်တွေနှင့်အတူ သင်္ကြန်က တစ်ဆစ်ချိုး ပြောင်းသွားတော့သည်။ မူလပုံစံက မူးလို့ပင် ရှူစရာမရှိတော့။ အာဏာပိုင်က လူထုသင်္ကြန်ကို အခွင့်ထူးခံ စီးပွားရေးသင်္ကြန် ပုံစံခွက်ထဲ သွင်းလိုက်သည်။ ၁၉၈၀၀န်းကျင်မှာ မွေးဖွားသော ဆယ်ကျော်သက် မျိုးဆက်၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ အညွန့်တွေကို သင်္ကြန်ဆိုသည့် တစ်နှစ်တစ်ကြိမ် အမိန့်ရပွဲတော်ကြီးနှင့် ပျော်ပျော်ကြီး ဖျက်ဆီးခံရသည်။ ဒီတင် ဒို့ရဲ့ သင်္ကြန်ဆိုတာ ယဉ်ကျေးမှုကို အခြေခံပြီး တစ်ဦးချင်းစီရဲ့ အနုပညာ လွတ်လပ်ခွင့်တွေ ရှိခဲ့တယ်ဆိုသည်ကို လူငယ်တွေ သိစေချင်လာ၏။ ထို့ကြောင့် ကျွန်တော်က သိမီခဲ့သော မန္တလေးသင်္ကြန်ပုံရိပ်များကို အခါအခွင့် သင့်တိုင်း မဖြစ်မနေရေးခဲ့ခြင်း ဖြစ်သည်။
ရေမစိုတဲ့ သင်္ကြန် ——————– ထိုစဉ်ကာလ တောင်ဘက်ကျုံးလမ်းနှင့် တစ်ပြသာ ဝေးသည့်နေရာမှာ နေခဲ့ပေမယ့် ကျုံးနဘေး သင်္ကြန်ကို မနှစ်သက်လို့ သင်္ကြန်တွင်းမှာ အိမ်ထဲက အိမ့်ပြင်မထွက်၊ ရေမစိုခဲ့။ ညပိုင်းမှာလည်း ရှေ့သုံးပြမှာ မြို့တော်ဝန် မဏ္ဍပ်ရှိပေမယ့် စိတ်မဝင်စားခဲ့။ အကြိုနေ့ အကြတ်နေ့ မြို့မက မြို့တော်ဝန်မဏ္ဍပ်ကို လာလို့ အိမ်ဘေး ၂၇လမ်းက ဖြတ်သွားရင် အိမ်ရှေ့က ထွက်ကြည့်ဖြစ်တာပဲ ရှိသည်။ ၂၀၀၄မှာ ဂျာနယ်ကြီးတစ်စောင်၏ မန္တလေးတာဝန်ခံအနေနှင့် တာဝန်ယူခဲ့သည့်၂၀၁၁ အထိ သင်္ကြန်နီးတိုင်း လက်ရှိသင်္ကြန်ကို စိတ်ပျက်လွန်းလို့ အတိတ်သင်္ကြန်တွေကို မှတ်မိတာ ဖတ်မိတာတွေနှင့် အတိတ်သင်္ကြန်ဆောင်းပါးတွေ ဆက်တိုက်ရေးဖြစ်ခဲ့သည်။ ကိုယ့်ဂျာနယ်သာမက အခြားဂျာနယ် မဂ္ဂဇင်းတွေမှာလည်း သင်္ကြန်ဆောင်းပါးတွေ ရေးဖြစ်တာ အပုဒ်ရေ မနည်းလှ။
ဒီတော့ နောက်ပိုင်း ဂျာနယ်တေ၊ွ သတင်းစာတွေ၊ FM တွေ၊ ရုပ်သံလွှင့်တွေက သင်္ကြန်နားနီးလျှင် ကျွန်တော့်ထံ အများဆုံး စာမူတောင်း မိုက်ထိုး ကင်မရာလှည့်ကြတော့သည်။ ဒီလိုနဲ့ ၁၉၉၉မှာ အခု လက်ရှိနေတဲ့ လယ်တောထဲ ရောက်လာ။ အနီးအနား အိမ်နီးချင်းက ရှားပါး၊ လမ်းပမ်းမကောင်း၊ လျှပ်စစ်မီးမရှိ၊ ညနေ နေလုံးကွယ်တာနှင့် အိမ်တံခါးပိတ် ဘက်ထရီမီးလေးနှင့် နေရချိန်က စပြီး သင်္ကြန်ရေစိုဖို့က ပို၍ခဲယဉ်းသွားတော့သည်။ သင်္ကြန်ဆိုသည်နှင့် ပိုဝေးသွားတာပေါ့။
မြို့မ နှင့် သင်္ကြန်မိုး ————————– အကြိုနေ့ရောက်လျှင် မြို့မက နန်းရှေ့က အိမ်တွေဆီ လှည့်၍ ဖျော်ဖြေသည်။ ည ၁၀နာရီလောက်ဆို အနောက်ဖက် ၁၉လမ်းဆီလောက်က သီချင်းသံ စပြီး သဲ့သဲ့ကြားရ၏။ ကျွန်တော်က ပိတ်ထားသည့် တံခါးလေးဖွင့် စက်ဘီးလေးဆွဲပြီး မှောင်မည်းမည်းထဲ အသံကြားရသည့် နေရာဆီ သွားသည်။ သေချာတာက မုန်တိုင်ဇရပ်ရှေ့မှာ မြို့မ ရောက်နေပြီ။ကျွန်တော်က ရန်ကင်းလမ်းထိပ် ဗာဒံပင်အောက် အမှောင်ရိပ်က စက်ဘီးလေးထောက်ပြီး မြတ်ဆုမွန်တို့ ချစ်စွာသောသင်္ကြန်စသည့် သင်္ကြန်သီချင်းတွေကို နားထောင်သည်။ မကျေနပ်သေးလျှင် အရှေ့နား ကြိုင်သင်းကဖေးရှေ့ မြို့မကရပ်ပြီး တီးဦးမှာ..။ ကျွန်တော်က ရှေ့နား ဆင်လမ်းမထိပ်က ရပ်နားထောင်ပြီး ရေနီမြောင်းဘောင်အတိုင်း အိမ်ပြန်ရုံပါပဲ။ အိပ်ရာထဲရောက်တော့ မြို့မက ကန်ဘောင်ရိုးအတိုင်း နန်းဦးလွင်မှာ တီးနေတာ မကြားတချက် ကြားတချက်..။ ဒါပါပဲ သင်္ကြန်..။
နောက်တော့ လျှပ်စစ်မီးလေးနှင့် ဖွင့်လို့ရတော့ တီဗီအစီအစဉ်က လွှင့်သည့် သင်္ကြန်မိုးကို စောင့်ကြည့်ပြီး မျက်ရည်ဝဲရုံပါပဲ။ ဒါပါပဲ။ ဒီနေ့အထိ သင်္ကြန်တိုင်းဟာ ကျွန်တော့်အတွက် အိမ်တွင်းပုန်းချည်းပါပဲ။ ရေတစ်စက်မှ မစိုခဲ့တာ ကြာပါပြီ။ ဒီတော့ ကျွန်တော်သည် သင်္ကြန်နှင့် ပူးကပ်နေသော်ငြား သင်္ကြန်ချစ်သူ သင်္ကြန်စွဲလမ်းသူ မဟုတ်ကြောင်း ၊ အရင်ကလည်း သင်္ကြန်မှာ ကဲလွန်းသဲလွန်းသူမဟုတ်ခဲ့ဘဲ ဖခင်ကြီးနဲ့ လိုက်ပါရင်း ကြုံရဆုံရတဲ့ အတွေ့အကြုံလေး လောက်သာရှိကြောင်း၊ ၁၉၈၈ခုနှစ်နောက်ပိုင်း တခါမျှ သင်္ကြန်မလည်ဖူးကြောင်း၊ ၁၉၉၉ခုနှစ်နောက်ပိုင်း သင်္ကြန်မှာ ၉၉ရာခိုင်နှုန်း ရေမစိုဖူး ကြောင်း ပြောလိုပါသည်။
မတတ်တတတ် ပြာသာဒ် ပြင်ဆရာ —————————————- ထို့မျှမက မြို့တော်ဝန်မဏ္ဍပ်မှာ မဏ္ဍပ်ပေါ်မဆိုထားဘိ မဏ္ဍပ်ရှေ့မှာပင် တစ်ခါမှ မတက်ဖူး (အဖိတ်ကြား မခံရဖူး) ရပ်မကြည့်ဖူးပါကြောင်းနှင့် ယုတ်စွအဆုံး ခေတ်ပြောင်းသင်္ကြန်ဟု ပြောရမည့် လမ်းလျှောက်သင်္ကြန် မှာပင် ပထမဦး ဆုံးနှစ်က အကြိုနေ့ မတိုင်မီ ၂၆ဘီလမ်းနှင့် ၇၈လမ်းထိပ်က သင်္ကြန်ပွဲတော် မုခ်ဦးပြာသာဒ်က ဘယ်လိုမှ အချိုးမကျဘဲ အရုပ်ဆိုးလှသောကြောင့် ချက်ချင်းပင် ဆိုရှယ်မီဒီယာမှာ ပွက်လောညံသွားတော့သည်။
ထိုအခါ နောက်နေ့ အကြိုနေ့မနက် မတိုင်မီ ပြုပြင်ရန် လိုအပ်သည်ကို ကျွန်တော့်မှာ ကြားကငထွား ခါးနာပြီး တာဝန်ယူလိုက်သည်။ ထိုအခါ ညလုံးပေါက် အမှောင်ထဲ ခြင်တသောသောတွင် ရေလေး တစ်ဘူးနှင့် ကူညီသူမရှိ မတတ်တတတ်နှင့် အလကားမတ်တင်း ပြာသာဒ် ပြင်ပေးဖူးလို့သာ သင်္ကြန်ကျင်းပမည့် ၂၆ဘီလမ်းပေါ် ရောက်ဖူးသည်။ ထိုညမှလွဲလို့ ထို လမ်းလျှောက်သင်္ကြန်တွေ တောသင်္ကြန် ဆိုတာတွေဆီ တစ်ကြိမ် တစ်ခါမျှ မရောက်ဖူး လမ်းမလျှောက်ဖူး ရေမစိုဖူး ပါကြောင်း ဝန်ခံပါရစေ။
ဆူးငှက်