
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်
လေကြောင်းထိန်းချုပ်ရေးစင်တာတွေမှာ ဆက်သွယ်ရေးစနစ် ပြတ်တောက်သွားပြီးနောက် အမေရိကန် ဖက်ဒရယ် လေကြောင်းအုပ်ချုပ်ရေးအဖွဲ့ ( FAA) က ဒီကနေ့ နိုင်ငံတစ်ဝန်း ထွက်ခွာမယ့် လေယာဉ် ခရီးစဉ်အားလုံးကို ရပ်ဆိုင်း ခဲ့ပါတယ်။ အခုလို ရပ်ဆိုင်းခဲ့တာဖြစ်ပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုနောက်ပိုင်း ဒီလို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လေယာဉ်ခရီးစဉ်တွေ ရပ်ဆိုင်းရတာ ဒုတိယအကြိမ် ဖြစ်ပါတယ်။
ဒီရပ်ဆိုင်းမှုကြောင့် လေဆိပ်တွေမှာ အခြေအနေတွေ ရှုပ်ထွေးကုန်ပြီး လေကြောင်းလိုင်းတွေက လေယာဉ်ခရီးစဉ် ၁ , ၀၀၀ ကျော် ဖျက်သိမ်းခဲ့သလို ၁၀ , ၀၀၀ နီးပါးလည်း နှောင့်နှေးခဲ့တယ်လို့ လေယာဉ်ခရီးစဉ် ခြေရာခံဝန်ဆောင်မှု FlightAware က ပြောပါတယ်။
လေထဲမှာ ရှိနေပြီးသား လေယာဉ်ထောင်ပေါင်းများစွာကိုတော့ ဆင်းသက်ခွင့်ပြုခဲ့ပေမယ့် မြေပြင်မှာ ရှိနေတဲ့ လေယာဉ်တွေကတော့ ပျံတက်ခွင့် မရခဲ့ပါဘူး။ ဒီအနှောင့်အယှက်ဟာ အမေရိကန်ပြင်ပကိုပါ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ကနေဒါနဲ့ ဥရောပကနေ ထွက်ခွာမယ့် လေယာဉ်ခရီးစဉ်တွေလည်း ဖျက်သိမ်းခဲ့ရပါတယ်။
အမေရိကန် အမိမြေလုံခြုံရေးဌာန ကတော့ ဒီဆက်သွယ်ရေးစနစ် ပြတ်တောက်မှုဟာ ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် ဖြစ်တယ်ဆိုတဲ့ လက္ခဏာ မတွေ့ရသေးဘူးလို့ ပြောပါတယ်။
အမိမြေလုံခြုံရေးဝန်ကြီး မာ့ခ်ဝိန်း မူလင် က အိမ်ဖြူတော်အပြင်ဘက်မှာ သတင်းထောက်တွေကို “လောလောဆယ် ကျွန်တော်တို့ကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်တာဆိုတဲ့ လက္ခဏာ မရှိသေးပါဘူး။ အခုအချိန်မှာတော့ ဆက်သွယ်ရေးဝန်ဆောင်မှု ပြတ်တောက်မှုတစ်ခုပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့် ကိုလည်း အခြေအနေအကြောင်း ရှင်းပြထားတယ်လို့ ဆိုပါတယ်။
“ပြည်သူတွေအနေနဲ့ ကြောက်စရာ၊ စိုးရိမ်စရာ မရှိပါဘူး။ ကိုယ့်ချစ်ရသူတွေအတွက်လည်း စိတ်ပူစရာ မလိုပါဘူး။ ဒါက နောက်ထပ် ၉/၁၁ ဖြစ်ရပ် မဟုတ်ပါဘူး” လို့ မူလင်က ပြောပါတယ်။
ဒီပြဿနာဖြစ်ရတဲ့ အကြောင်းရင်းအားလုံးကို စစ်ဆေးနေပြီး ဉာဏ်ရည်တု ( AI) အသုံးပြုထားတဲ့ လေကြောင်း ထိန်းချုပ်ရေးစနစ်သစ်ကိုပါ ထည့်သွင်းစစ်ဆေးနေတယ်လို့ မူလင်က ပြောပါတယ်။
ဒီအနှောင့်အယှက်ဟာ အမေရိကန်လေကြောင်းထိန်းချုပ်ရေးစနစ်မှာ ဖိအားတွေ များပြားလာနေတဲ့ နောက်ဆုံးနဲ့ အထင်ရှားဆုံး လက္ခဏာတစ်ခု ဖြစ်ပါတယ်။ အဲဒီစနစ်ဟာ စက်ပစ္စည်းနဲ့ ဆက်သွယ်ရေး စနစ် ပြတ်တောက်မှုတွေ၊ လေကြောင်းထိန်းချုပ်ရေးဝန်ထမ်း မလုံလောက်မှုတွေနဲ့ အိုဟောင်းနေတဲ့ အခြေခံအဆောက်အအုံတွေကြောင့် ပြဿနာတွေ ရင်ဆိုင်နေရတာပါ။
အမေရိကန် ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့ ( FAA) ရဲ့ လေကြောင်းထိန်းချုပ်ရေး နည်းပညာ အများစုဟာ ဆယ်စုနှစ်ပေါင်းများစွာ သက်တမ်းရှိနေပါပြီ။ ပြီးခဲ့တဲ့သီတင်းပတ်က FAA က နိုင်ငံတစ်ဝန်း ဌာနနဲ့ စက်ရုံပေါင်း ၄၀၀ ကျော်မှာ ရာသီဥတုနဲ့ တခြားအရေးကြီးတဲ့ အချက်အလက်တွေ ပေးပို့ဖို့ အသုံးပြုနေတဲ့ floppy disk တွေကို ၂၀၂၈ ခုနှစ်ကုန်မှာ အပြီးတိုင် ဖြုတ်သိမ်းသွားမယ်လို့ ပြောထားပါတယ်။
ဘော့စတွန်ကနေ ဆီယက်တယ်အထိ၊ နယူးယောက်ကနေ လော့စ်အိန်ဂျလိစ်အထိ လေဆိပ်တွေမှာ ခရီးသည်တွေ ပြည့်နှက်နေပြီး လေကြောင်းလိုင်းကောင်တာတွေမှာ စောင့်ဆိုင်းနေကြပါတယ်။ လေယာဉ်ထွက်ခွာမှု စာရင်းတွေမှာ နှောင့်နှေးမှုနဲ့ ဖျက်သိမ်းမှုတွေ ပြည့်နှက်နေပြီး လေယာဉ်တွေ ကလည်း လေယာဉ်ရပ်နားရာနေရာတွေမှာ ဆက်ရပ်ထားရပါတယ်။
အသက် ၄၇ နှစ်အရွယ် လူဝီစ် မာဟာ က နယူးအာ့ခ်ကနေ လန်ဒန်ကို သောကြာနေ့ညမှာ ပျံသန်းဖို့ မျှော်လင့်နေဆဲဖြစ်ပေမယ့် သူစီးမယ့် ဘရစ်တစ်ရှ် အဲဝေး လေယာဉ်ဟာ လေကြောင်းထိန်းချုပ်ရေး ကန့်သတ်ချက်တွေကြောင့် နှောင့်နှေးနိုင်တယ်လို့ သတိပေးထားပါတယ်။ “တစ်ချိန်ချိန်မှာတော့ ကျွန်မ ငိုမိလောက်တယ်၊ ဒါပေမယ့် အခုတော့ မငိုသေးပါဘူး” လို့ သူက ပြောပါတယ်။
ဒီရပ်ဆိုင်းမှုကြောင့် ရောက်ရှိလာတဲ့ လေယာဉ်တွေကလည်း လေယာဉ်ရပ်နားရာနေရာတွေ ပြည့်နေတာကြောင့် taxiway တွေပေါ်မှာ ရပ်စောင့်နေရပါတယ်။
လေကြောင်းလိုင်းတာဝန်ရှိသူတွေက လေယာဉ်ခရီးစဉ်တွေ ရပ်ဆိုင်းထားမှုကို ဘယ်အချိန်မှာ ပြန်ရုပ်သိမ်းမလဲဆိုတာ FAA က အကြောင်းကြားထားခြင်း မရှိသေးဘူးလို့ ပြောပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာ ဆက်သွယ်ရေးပြဿနာတွေ ပြန်ကောင်းလာနေတဲ့ အစောပိုင်းလက္ခဏာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ကမ္ဘာပေါ်မှာ အလုပ်အများဆုံး လေကြောင်းပိုင်နက်တွေထဲက တစ်ခုဖြစ်တဲ့ အမေရိကန် လေကြောင်းပိုင်နက်ဟာ မကြာသေးခင်နှစ်တွေမှာ လေယာဉ်ခရီးစဉ်တွေကို အနှောင့်အယှက်ဖြစ်စေပြီး လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်စေတဲ့ ပြဿနာတွေ ကြုံခဲ့ရပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ရော်နယ်ရေဂင် ဝါရှင်တန် အမျိုးသားလေဆိပ် အနီး လေထဲမှာ လေယာဉ်နှစ်စင်း တိုက်မိခဲ့တာကြောင့် လူ ၆၇ ဦး သေဆုံးခဲ့ပါတယ်။
အိမ်ဖြူတော်နဲ့ အမေရိကန် ပို့ဆောင်ရေးဌာန တို့က အမေရိကန်ရဲ့ အိုဟောင်းနေတဲ့ လေဆိပ်တွေနဲ့ လေကြောင်း ထိန်းချုပ်ရေးစနစ်တွေကို အဆင့်မြှင့်တင်ဖို့ အမေရိကန်လွှတ်တော်က နောက်ထပ် ဒေါ်လာ ၃၀.၁ ဘီလီယံ ထောက်ပံ့ပေးဖို့ သောကြာနေ့မှာ တိုက်တွန်းခဲ့ပါတယ်။
FAA က နိုင်ငံတစ်ဝန်း လေယာဉ်ခရီးစဉ်တွေ ရပ်ဆိုင်းကြောင်း သောကြာနေ့ အရှေ့ပိုင်းစံတော်ချိန် မွန်းလွဲ ၃ နာရီ ၅၄ မိနစ် ( GMT ၂၀ နာရီ ၅၄ မိနစ်) မှာ ကြေညာခဲ့ပါတယ်။ အဲဒီအချိန်မှာ အမေရိကန် လေဆိပ်တွေကို ဦးတည်ပျံသန်း နေတဲ့ လေယာဉ် ၄ , ၀၄၂ စင်း လေထဲမှာ ရှိနေတယ်လို့ Flightradar 24 က ပြောပါတယ်။ ကြေညာချက်မထုတ်ပြန်ခင် မကြာခင်မှာပဲ လေကြောင်းထိန်းချုပ်ရေး ဆက်သွယ်ရေးပြဿနာတွေကြောင့် ချီကာဂိုမှာ လေယာဉ်အသွားအလာ တွေကို FAA က ရပ်ဆိုင်းခဲ့ပါတယ်။
လေယာဉ်ခရီးစဉ်တွေ ရပ်ဆိုင်းထားမှုဟာ ညပိုင်းအထိ ဆက်ဖြစ်နေမယ်ဆိုရင် လေကြောင်းလိုင်းတွေရဲ့ ခရီးစဉ် ကွန်ရက်တွေ ပုံမှန်ပြန်ဖြစ်ဖို့ သီတင်းပတ်ကုန်အထိ အချိန်ယူရနိုင်တယ်လို့ လေကြောင်း သုံးသပ်သူနဲ့ R.W. Mann & Co. ရဲ့ အကြီးအကဲ ရောဘတ် မန်း က ပြောပါတယ်။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လေယာဉ်ခရီးစဉ်တွေ ရပ်ဆိုင်းခဲ့ရတာဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ဖြစ်ရပ်တစ်ခုသာ ရှိပါတယ်။ အဲဒီတုန်းက FAA ဟာ ပြည်တွင်း လေယာဉ်ခရီးစဉ်တွေ ထွက်ခွာတာကို ၂ နာရီမပြည့်ခင် ရပ်ဆိုင်းခဲ့ပါတယ်။
ဒီဆက်သွယ်ရေးစနစ် ပြတ်တောက်မှုဟာ ကမ္ဘာတစ်ဝန်း လေကြောင်းလုံခြုံရေးအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ ဖြစ်ပေါ်လာတာပါ။ ဒီလအတွင်း ဥရောပတစ်ဝန်း ဗုံးခွဲမယ်ဆိုတဲ့ လိမ်လည် ခြိမ်းခြောက် မှုတွေကြောင့် ခရီးသည်တင် လေယာဉ် ဒါဇင်ပေါင်းများစွာ အနှောင့်အယှက် ဖြစ်ခဲ့ပြီး လေယာဉ်တချို့ မူလလမ်းကြောင်းကနေ လမ်းလွှဲဆင်းသက် ခဲ့ရသလို တိုက်လေယာဉ်တွေနဲ့ လိုက်လံစောင့်ကြည့်တာ၊ ကြားဖြတ်တားဆီးတာတွေလည်း ပြုလုပ်ခဲ့ရပါတယ်။
အမေရိကန်ရဲ့ ဆက်သွယ်ရေးစနစ် ပြတ်တောက်မှုဟာ အဲဒီဖြစ်ရပ်တွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ လက္ခဏာတော့ ချက်ချင်း မတွေ့ရသေးပါဘူး။
အမေရိကန် အမျိုးသားမိုးလေဝသဌာန ကလည်း သောကြာနေ့မှာ နိုင်ငံတစ်ဝန်း အင်တာနက်နဲ့ ဆက်သွယ်ရေးစနစ် ပြဿနာတွေ ကြုံနေရတယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်နှစ်ခု ဆက်စပ်နေ တယ်ဆိုတဲ့ အထောက်အထားတော့ ချက်ချင်း မတွေ့ရသေးပါဘူး။
Ref – Reuters