
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-ဟိုပုံးသွား ကားလမ်းပေါ်တွင် ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်၊ ညနေပိုင်းက အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တောင်ကြီးခရိုင် မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်၊ ညနေ ၃ နာရီခန့်က တောင်ကြီး-ဟိုပုံးသွားကားလမ်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စု၊ ဟမ်းခြောက်ကျေးရွာအနီးတွင် စောင့်ဆိုင်းနေစဉ် အမျိုးသားတစ်ဦး စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် အား တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဆိုင်ကယ်မောင်းနှင်လာသူမှာ ခွန်ထွန်း ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းဝတ်ဆင်ထားသည့် မိုးကာအင်္ကျီ အိတ်ကပ်အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ၁၀ ထုပ်၊ စုစုပေါင်း ဆေးပြား ၂၀၀၀၊ အလေးချိန် ၁၈၀ ဂရမ်ခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ ခွန်ထွန်း အား တောင်ကြီးမြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။