NP News

ချို့ယွင်းမှုကိစ္စတစ်ချို့ကြောင့် အမေရိကန်မှာ လေကြောင်းပျံသန်းမှုအားလုံးကို (၄)နာရီကြာ ရပ်ဆိုင်းခဲ့ရ

Pika (NP News) - နိုဝင်ဘာ ၁၄

အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ လေကြောင်းပျံသန်းမှုတွေအားလုံးကို ရပ်ဆိုင်းခဲ့ပြီးနောက် နိုဝင်ဘာလ(၁၃)ရက်မှာ အမေရိကန်ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့(FAA) က နိုင်ငံတစ်ဝှမ်းလေယာဉ်ပျံသန်းမှု ရပ်ဆိုင်းထားတာတွေအားလုံးကို ပြန်လည်ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းထိန်းချုပ်ရေးစင်တာတွေမှာ ဆက်သွယ်ရေးစနစ်ချို့ယွင်းမှုဖြစ်ပွားခဲ့တာကြောင့် လေဆိပ်တွေမှာလည်း ရှုပ်ထွေးမှုတွေဖြစ်ပေါ်ခဲ့ပြီး (၂၀၀၁)ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ 9/11 တိုက်ခိုက်မှုနောက်ပိုင်း အရှည်ကြာဆုံးဖြစ်ခဲ့တဲ့နိုင်ငံတစ်ဝှမ်းလေကြောင်းခရီးစဉ် ရပ်ဆိုင်းမှုအခြေအနေမျိုးဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့လည်း နိုဝင်ဘာလ(၁၃)ရက်နေ့ နှောင်းပိုင်းမှာပဲ အမေရိကန်လေပိုင်နက်ကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ရှောင်ဒက်ဖီက ပြောကြားခဲ့ပါတယ်။

လေယာဉ်ထွက်ခွာမှုတွေက ဖြည်းဖြည်းချင်းသာ ပြန်လည်စတင်နိုင်မှာဖြစ်ပြီး လေကြောင်းလိုင်းတွေအနေနဲ့ ပုံမှန်လုပ်ငန်းလည်ပတ်မှုအခြေအနေကို ပြန်လည်ရောက်ရှိဖို့ အချိန်ယူရဦးမှာဖြစ်တယ်လို့ ရှောင်ဒက်ဖီက သတိပေးပြောဆိုခဲ့ပါတယ်။
ရှောင်ဒက်ဖီက "လုပ်ငန်းစဉ်တွေအားလုံးက နှေးကွေးနေပါလိမ့်ဦးမယ်” လို့ ပြောဆိုခဲ့ပါတယ်။
FlightRadar24 ရဲ့အချက်အလက်တွေအရ လေယာဉ်ခရီးစဉ်ပေါင်း (၆,၆၀၀)ကျော် ဖျက်သိမ်းခဲ့ရပြီး ခရီးစဉ်ပေါင်း(၈၆၀၀)ကျော်မှာ နှောင့်နှေးကြန့်ကြာခဲ့ရတယ်လို့ သိရပါတယ်။
လေကြောင်းကျွမ်းကျင်သူတွေရဲ့အဆိုအရ အချိန်လေးနာရီကြာ နိုင်ငံတစ်ဝှမ်းလေယာဉ်ပျံသန်းမှု ရပ်ဆိုင်းခဲ့ရတဲ့ဖြစ်ရပ်ဟာ လေကြောင်းလိုင်းတွေရဲ့အချိန်ဇယားကို ရက်ပေါင်းများစွာအထိ အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — NP News