
အမေရိကန် ပြည်ထောင်စု လေကြောင်းဦးစီးဌာန (FAA) သည် အတိအကျ မဖော်ပြထားသည့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် အမေရိကန်နိုင်ငံတစ်ဝန်းရှိ ထွက်ခွာမည့် လေယာဉ်ခရီးစဉ်အားလုံးကို မြေပြင်၌ ခေတ္တရပ်ဆိုင်းထားရန် ရှားရှားပါးပါး အမိန့်ထုတ်ပြန်ခဲ့သည်။
အဆိုပါ အရေးပေါ်ညွှန်ကြားချက်သည် သောကြာနေ့ အရှေ့ပိုင်းစံတော်ချိန် ညနေ ၃ နာရီ ၅၄ မိနစ်တွင် စတင်အသက်ဝင်ခဲ့ပြီး နောက်ထပ်အသိပေးချက် မထုတ်ပြန်မချင်း ထွက်ခွာမည့် လေယာဉ်အားလုံးကို မြေပြင်၌သာ ရပ်နားထားရန် ညွှန်ကြားခဲ့သည်။
အကြံပြုချက်စာအရ အမေရိကန်သို့ ဆိုက်ရောက်မည့် နိုင်ငံတကာ လေယာဉ်ခရီးစဉ်များကိုမူ အခြေအနေတစ်ခုချင်းစီအလိုက် ကိုင်တွယ်ဆောင်ရွက်ခဲ့သည်။ လေယာဉ်ရပ်ဆိုင်းမှုအမိန့်ကို ၄ နာရီခွဲခန့်အကြာတွင် ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း လေကြောင်းခရီးစဉ် နှောင့်နှေးကြန့်ကြာမှုများ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။
လေကြောင်းခရီးစဉ် ခြေရာခံဝန်ဆောင်မှု FlightAware ကို ကိုးကား၍ ABC13 သတင်းဌာနက ဖော်ပြချက်အရ သောကြာနေ့ အရှေ့ပိုင်းစံတော်ချိန် ညနေ ၆ နာရီအထိ လေယာဉ်ခရီးစဉ်ပေါင်း ၁,၉၀၀ ခန့် ဖျက်သိမ်းခဲ့ရပြီး ၁၀,၅၀၀ ခန့် နှောင့်နှေးကြန့်ကြာခဲ့သည်။
အမေရိကန် ပို့ဆောင်ရေးဝန်ကြီး ရှောင်ဒဖ်ဖီ (Sean Duffy) က နိုင်ငံတစ်ဝန်း လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းရခြင်းမှာ "လေကြောင်းလမ်းကြောင်း ထိန်းချုပ်ရေးစင်တာအားလုံးအပေါ် သက်ရောက်မှုရှိခဲ့သည့် ဆက်သွယ်ရေးပြဿနာ" ကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
"FAA နည်းပညာရှင်တွေက ဒီပြဿနာကို စုံစမ်းစစ်ဆေးနေပါတယ်။ နောက်ဆုံးရသတင်းတွေ ရရှိတာနဲ့ ချက်ချင်း အသိပေးသွားပါမယ်" ဟု ၎င်းက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ကနဦးအစီရင်ခံစာများအရ ယခုပြတ်တောက်မှုသည် ဆိုက်ဘာတိုက်ခိုက်မှုကြောင့် မဟုတ်ကြောင်း တရားဥပဒေစိုးမိုးရေး အရာရှိနှစ်ဦးကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြခဲ့သည်။
အမိမြေလုံခြုံရေးဝန်ကြီး မာ့ခ်ဝိန်း မူလင် (Markwayne Mullin) က လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းရခြင်းမှာ "ဆက်သွယ်ရေးစနစ် ပြတ်တောက်မှု" ကြောင့်ဖြစ်ပြီး မသမာမှုတစ်ခုခုကြောင့် ဖြစ်ပွားခဲ့ခြင်းမဟုတ်ဟု အာဏာပိုင်များက ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
နောက်ပိုင်းတွင် ဒဖ်ဖီက ယခုကဲ့သို့ စနစ်ရပ်တန့်သွားရခြင်းမှာ "အလွန်အမင်း ဟောင်းနွမ်းနေပြီဖြစ်သည့်" လေကြောင်းထိန်းချုပ်ရေးစနစ်ကြောင့် ဖြစ်သည်ဟု အပြစ်တင်ပြောဆိုခဲ့သည်။
"ကျွန်တော်တို့ရဲ့ Switch တွေ၊ Router တွေမှာ ဒေတာအချက်အလက်တွေ အလွန်အကျွံ ဝန်ပိသွားခဲ့ပြီး၊ အဲဒီ Router တွေကနေ ထွက်လာတဲ့ ဒေတာတွေ မကိုက်ညီတော့ဘဲ ကမောက်ကမ ဖြစ်ကုန်တာပါ" ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အမျိုးသား မိုးလေဝသဌာနကလည်း နိုင်ငံတစ်ဝန်း အင်တာနက်နှင့် ဆက်သွယ်ရေးပြဿနာများ ဖြစ်ပွားနေကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ၎င်းတို့၏ ဝက်ဘ်ဆိုက်များပေါ်ရှိ မိုးလေဝသအချက်အလက်အချို့ကို ကြည့်ရှု၍မရနိုင်ခြင်း သို့မဟုတ် အချိန်နှင့်တစ်ပြေးညီ မဖြစ်ခြင်းများ ရှိနိုင်ကြောင်း သတိပေးခဲ့သည်။ ဝန်ဆောင်မှုများ ပြန်လည်ကောင်းမွန်စေရန် နည်းပညာရှင်များက လုပ်ဆောင်နေကြောင်း အဆိုပါဌာနက ပြောကြားခဲ့သည်။
နောက်ဆုံးအကြိမ် နိုင်ငံတစ်ဝန်း လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းခဲ့မှုမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် လေယာဉ်မှူးများထံ ဘေးကင်းလုံခြုံရေးဆိုင်ရာ သတိပေးချက်များ ပေးပို့သည့်စနစ် ချို့ယွင်းမှုကြောင့် ဖြစ်ပွားခဲ့သည်။ ယင်းမတိုင်မီက ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးပြီးချင်းတွင် တစ်နိုင်ငံလုံး လေကြောင်းပျံသန်းမှုများကို ပိတ်ပင်ရပ်ဆိုင်းခဲ့ဖူးသည်။
FAA အနေဖြင့် လေယာဉ်လမ်းကြောင်းများကို အကောင်းဆုံးဖြစ်အောင် စီမံခန့်ခွဲရန်နှင့် နှောင့်နှေးကြန့်ကြာမှုများကို လျှော့ချရန် ဒီဇိုင်းထုတ်ထားသည့် SMART အမည်ရှိ AI နည်းပညာသုံး စနစ်သစ်ကို နိုင်ငံတစ်ဝန်း စတင်အသုံးပြုကြောင်း ကြေညာပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ စနစ်ပြတ်တောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါစနစ်ကို ဒေသတွင်း လေကြောင်းထိန်းချုပ်ရေးစင်တာ ၂၂ ခုလုံးတွင် တပ်ဆင်အသုံးပြုခဲ့သော်လည်း သောကြာနေ့က ဖြစ်ပွားခဲ့သည့် ပြတ်တောက်မှုတွင် ယင်းစနစ် ပါဝင်ပတ်သက်မှု ရှိ၊ မရှိကို အာဏာပိုင်များက အတည်မပြုနိုင်သေးပေ။
ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ အလားတူ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုများကြောင့် လေကြောင်းခရီးသွားလာမှုများ အနှောင့်အယှက် ဖြစ်ပေါ်ခဲ့သည်။ စက်တင်ဘာလအတွင်းက ဆက်သွယ်ရေးစနစ် ပြတ်တောက်မှုကြောင့် အမေရိကန် အရှေ့မြောက်ပိုင်းရှိ အဓိကလေဆိပ်ကြီးများတွင် လေယာဉ်ခရီးစဉ်များ ရပ်တန့်ခဲ့ရသလို ဆော့ဖ်ဝဲလ်ချို့ယွင်းမှုကြောင့် ဗြိတိန်နိုင်ငံတစ်ဝန်းတွင်လည်း လေယာဉ်ခရီးစဉ် အများအပြား ဖျက်သိမ်းခဲ့ရသည်။ ထို့အတူ ဇန်နဝါရီလတွင် ဂရိနိုင်ငံက ၎င်း၏ လေပိုင်နက်ကို ယာယီပိတ်ပင်ခဲ့ရပြီး အောက်တိုဘာလတွင် နည်းပညာချို့ယွင်းမှုကြောင့် အီတလီနိုင်ငံက လေကြောင်းသွားလာမှု ပမာဏကို ထက်ဝက်ခန့် လျှော့ချခဲ့ရသည်။
#News #Myanmar