
ပါကစ္စတန်နိုင်ငံတွင် ကျားနှင့်အတူ TikTok ဗီဒီယိုရိုက်ကူးရန် ပြင်ဆင်နေချိန်တွင် ကျား၏တိုက်ခိုက်မှုကြောင့် အသက် ၁၉ နှစ်အရွယ် ခြံဝန်ထမ်းလူငယ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း NDTV သတင်းတွင် ဖော်ပြခဲ့သည်။
အဆိုပါဖြစ်ရပ်သည် လာဟိုးမြို့ ကာနာမြို့နယ်ရှိ ပုဂ္ဂလိကခြံတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Manchester Evening News သတင်းဌာနက ဖော်ပြခဲ့သည်။
TikTok တွင် Content များ ဖန်တီးသူ နိုမန် ဟတ်ဆန်၏ တောင်းဆိုမှုအရ TikTok ဗီဒီယိုရိုက်ကူးရန်အတွက် အဆိုပါကျားကြီးကို လှောင်အိမ်အတွင်းမှ အပြင်သို့ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
သို့သော် အဆိုပါကျားမက ခြံဝန်ထမ်းတစ်ဦးဖြစ်သူ အသက် ၁၉ နှစ်အရွယ် တာလ်ဟာကို တိုက်ခိုက်ခဲ့သဖြင့် ၎င်းအား ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က ခြံပိုင်ရှင်ဖြစ်သူ ဖေယက်ဇ်နှင့် ဟတ်ဆန်တို့ကို ဖမ်းဆီးလိုက်ကြောင်း Manchester Evening News သတင်းက ဖော်ပြခဲ့သည်။
အဆိုပါကျားမကို မွေးမြူရေးခြံအတွင်းရှိ သားဖောက်သည့်နေရာတစ်ခုတွင် ထိန်းသိမ်းထားခြင်းဖြစ်သည်။
အစောပိုင်းက TikTok ဗီဒီယို ရိုက်ကူးသူ ဟတ်ဆန်က တာလ်ဟာသည် ခွေးကိုက်ခံရခြင်းဖြစ်ကြောင်း လိမ်ညာထွက်ဆိုခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုများအရ ကျား၏တိုက်ခိုက်မှုကို ခံခဲ့ရသည့် အကြောင်းရင်းမှန်ကို ဖော်ထုတ်သိရှိခဲ့သည်။
"TikTok အပေါ် ရူးသွပ်မှုဟာ လူ့အသက်တစ်ချောင်းထက် ပိုပြီးအရေးမကြီးပါဘူး။ ဝါသနာ ဒါမှမဟုတ် ဖျော်ဖြေရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူ့အသက်ကို အန္တရာယ်ဖြစ်စေဖို့ ဘယ်သူ့ကိုမှ ခွင့်မပြုနိုင်ပါဘူး။ အဖြစ်မှန်ကို ဖုံးကွယ်ဖို့ ကြိုးပမ်းမှုနဲ့ ပေါ့ဆမှုဆိုင်ရာရှုထောင့်အားလုံးကို စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်" ဟု လာဟိုးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
TikTok ဗီဒီယိုရိုက်ကူးရန် ခြံထဲသို့ ရောက်ရှိလာချိန်တွင် ကျားမမှာ ထိန်းမနိုင်သိမ်းမရဖြစ်သွားခဲ့ပြီး ခြံဝန်ထမ်းတစ်ဦးအား ပြင်းထန်သည့် ဒဏ်ရာများ ရရှိစေခဲ့ပြီး အဆိုပါခြံဝန်ထမ်းသည် ဆေးကုသမှုခံယူနေစဉ်အတွင်း သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါခြံအနေဖြင့် ကျားမကို မွေးမြူထိန်းသိမ်းထားရန် ခွင့်ပြုချက် ရှိ၊ မရှိနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက်မှုများကို စနစ်တကျ လိုက်နာဆောင်ရွက်ထားခြင်း ရှိ၊ မရှိတို့ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။
ဟတ်ဆန်သည် ကျားများနှင့် အန္တရာယ်များလှသည့် ဗီဒီယိုများကို တင်လေ့ရှိသူအဖြစ် လူသိများသည်။
၎င်း၏ Instagram အကောင့်တွင် တင်ထားသည့် ဗီဒီယိုဖိုင်တစ်ခု၌ သံကြိုးဖြင့် ချည်နှောင်ထားသော ကျားတစ်ကောင်ကို ၎င်းက နမ်းရန်ကြိုးစားနေပုံကို မြင်တွေ့ရသည်။
အခြားဗီဒီယိုဖိုင်တစ်ခုတွင်မူ ၎င်းက ကျားသစ်တစ်ကောင်ကို ပွတ်သပ်ပေးနေစဉ် ကျားသစ်က ရုတ်တရက် ၎င်းအပေါ်သို့ ခုန်အုပ်ကာ ကုတ်ခြစ်လိုက်ပုံကိုလည်း မြင်တွေ့ခဲ့ရသည်။
Ref: NDTV