Myanmar Transparency News

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မူလရည်မှန်းချက်ဖြစ်သော ပေ ၅၀ အကျယ်၊ လမ်းအရှည် ၃၆၅ မိုင် အားလုံး ကတ္တရာကွန်ကရစ်လမ်းဖြစ်မြောက်ရန် ကျန်လမ်းပိုင်းများအား ၂၀၂၈ မှ ၂၀၃၃ အထိ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ရန် လျာထား

၁၄.၁၁.၂၀၂၆
Written by NYL

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မူလရည်မှန်းချက်ဖြစ်သော ပေ ၅၀ အကျယ်၊ လမ်းအရှည် ၃၆၅ မိုင် အားလုံးကို ကတ္တရာကွန်ကရစ်လမ်းဖြစ်မြောက်ရန် ကျန်လမ်းပိုင်းများအား ၂၀၂၈ မှ ၂၀၃၃ အထိ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ရန် လျာထားသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က နိုဝင်ဘာ ၁၃ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၂) ဒေါ်စိုးစိုးမြင့်၏ ရန်ကုန် – နေပြည်တော် အမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီ အမြန်လမ်းမကြီးအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန်နှင့် အဆင့်မြှင့်တင်နိုင်ခြင်း မရှိသေးမီကာလအတွင်း လမ်းမျက်နှာပြင်၏ ချို့ယွင်း ပျက်စီးမှုများကို စနစ်တကျစစ်ဆေး၍ လက်ရှိ Concrete Pavement အပေါ် ခေတ်မီနည်းပညာများနှင့်အညီ စနစ်တကျ Asphalt Overlay ခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်ပတ်သက်၍ ဒုတိယဝန်ကြီးက ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က မူလရည်မှန်းချက်ဖြစ်သော ပေ(၅၀)အကျယ် (၂ လမ်းသွား အသွား/အပြန်) လမ်းအရှည် ၃၆၅ မိုင် ၃ ဖာလုံ အားလုံး ကတ္တရာကွန်ကရစ်လမ်း ဖြစ်မြောက်ရန်ကျန်ရှိသော လမ်းပိုင်းများအား ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင် (၇၈ မိုင် ၄ ဖာလုံ)၊ ၂၀၂၉-၂၀၃၀ ဘဏ္ဍာနှစ်တွင် (၉၆ မိုင် ၇ ဖာလုံ)၊ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်တွင် (၇၅ မိုင် ၅ ဖာလုံ)၊ ၂၀၃၁-၂၀၃၂ ဘဏ္ဍာနှစ်တွင် (၅၄ မိုင် ၄ ဖာလုံ)၊ ၂၀၃၂-၂၀၃၃ ဘဏ္ဍာနှစ်တွင် (၇၂ မိုင် ၂ ဖာလုံ) ဆောင်ရွက်ရန် လျာထားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
ထို့ပြင် ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးသည် ပြည်ထောင်စုမှ စီမံခန့်ခွဲသောလမ်းဖြစ်ပြီး ကတ္တရာကွန်ကရစ်လမ်းမိုင် အချိုး(၃၅ ရာခိုင်နှုန်း)နှင့် ကွန်ကရစ်လမ်းမိုင်အချိုး (၆၅ ရာခိုင်နှုန်း) ဖြစ်ပါကြောင်း၊ မိုင်တိုင် ၉၀/၀ မှ ၃၆၅/၃ အထိအပိုင်းသည် မန္တလေးငလျင်ကြောင့် များစွာထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် လုံးဝကွဲကြေပျက်စီးသွားသော ကွန်ကရစ်လမ်းအလွှာများကို အသစ်ထပ်မံအစားထိုးတည်ဆောက်ခဲ့ကြောင်း၊ ကျန်ရှိသော ကွန်ကရစ်လမ်းပိုင်းများလည်း အနိမ့်အမြင့်များဖြစ်ပေါ်ကာ မျက်နှာပြင် မညီညာမှုများဖြစ်ပေါ်ခြင်း၊ အချို့သော လမ်းသားတာပေါင်အောက်များတွင်လည်း ခေတ်မီစမ်းသပ်စက်များဖြင့် စစ်ဆေးမှုများအရ ကလိုင်များဖြစ်ပေါ် နေခြင်းတွေ့ရှိရသည့်အတွက် လိုအပ်သောလမ်းသားမြှင့်တင်ခြင်း လုပ်ငန်းဖြစ်သည့် ဘိလပ်မြေအရော ဖျော်ရည်မှုတ်သွင်းခြင်းအား ကွန်ကရစ်လမ်းသားအောက်တွင် ဆောင်ရွက်ပြီး ကွန်ကရစ်လမ်းပေါ်တွင် ကတ္တရာကွန်ကရစ် ထပ်ပိုးလွှာခင်းခြင်းဖြင့် မူလအရည်အသွေးရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
 
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် (၂၅)ပေအကျယ် ကတ္တရာ ကွန်ကရစ်လမ်းအရှည်စုစုပေါင်း (၂၄၄ မိုင်) ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ကတ္တရာကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုကို နှစ်အလိုက် ဘဏ္ဍာရန်ပုံ ငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ခဲ့ရာ ၂၀၂၄-၂၀၂၅ နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်များတွင် တစ်နှစ်လျှင် ပျမ်းမျှလမ်းအရှည် (၃၁)မိုင်ခန့် တိုးတက်ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုမူလငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကတ္တရာကွန်ကရစ်လမ်း မိုင်(၅၀) ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုငွေလုံးငွေရင်း (ဖြည့်စွက်) ရန်ပုံငွေဖြင့်လည်း (၆ မိုင် ၄ ဖာလုံ) ဆောင်ရွက်ရန် လျာထားပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် (၂၅) ပေအကျယ် ကတ္တရာကွန်ကရစ်လမ်းခင်းခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်း (၃၆ မိုင် ၄ ဖာလုံ) ဆောင်ရွက်ရန် ရန်ပုံငွေလျာထားတောင်းခံထားပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
 
ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေးအတွက်လည်း  ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် (ဖြည့်စွက်) ရန်ပုံငွေဖြင့် ဆိုလာမီးတိုင် (၁၅၈)တိုင်နှင့် ယာဉ်အမြန်နှုန်းပြ Screen အခု(၂၀)၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် မူလငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆိုလာမီးတိုင် (၁၈၈) တိုင်နှင့် ယာဉ်အမြန်နှုန်းပြ Screen အခု(၂၀) ထပ်မံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကာအကွယ်တန်း (Guard Rail)များကိုလည်း အလားတူနေရာများတွင် ဦးစားပေးတပ်ဆင်ပေးလျက်ရှိကြောင်း၊ CCTV Camera များအား Toll Plaza (၆)ခုတွင်သာ တပ်ဆင်ထားနိုင်ပြီး ကျန်နေရာများကို နှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်တပ်ဆင်သွားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လမ်းတစ်လျှောက် အရေးပေါ်ယာဉ်ရပ်နား ရန်နေရာများအတွက် ရန်ကုန် – နေပြည်တော် လမ်းပိုင်းတွင် စုစုပေါင်း(၈)နေရာ လျာထားပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် (ဖြည့်စွက်) ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဖြေကြားခဲ့သည်။

ထို့ပြင် ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးအား ပုဂ္ဂလိကကဏ္ဍသို့ PPP စနစ်ဖြင့် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်စေရန်ကိစ္စနှင့်ပတ်သက်၍ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၏ မန္တလေး – မိတ္ထီလာ လမ်းပိုင်းတွင် နေပြည်တော် – ကျောက်ဖြူလမ်း စီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ် အဖြစ်လည်းကောင်း၊ မိတ္ထီလာ – ဘောနတ်ကြီး(ပဲခူး) လမ်းပိုင်းတွင် အိန္ဒိယ- မြန်မာ – ထိုင်း (၃)နိုင်ငံ လမ်းစီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ်လည်းကောင်း၊ နိုင်ငံတကာ ချေးငွေ / ထောက်ပံ့ငွေတို့ဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ရန် ပါဝင်လာနိုင်သည့် အခြေအနေရှိပါသဖြင့် လတ်တလောပုဂ္ဂလိကကဏ္ဍသို့ တာဝန်ပေးအပ်ဆောင်ရွက်ခြင်း မပြုနိုင်သေးသော အခြေအနေဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဖြေကြားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News