NP News

ISUZU TRUCK SERVICE FACTORY (MYANMAR) ကုမ္ပဏီကိုဖျက်သိမ်းရန် နောက်ဆုံးအစည်းအဝေး ကျင်းပမည်

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၄

မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် ISUZU TRUCK SERVICE FACTORY (MYANMAR) COMPANY LIMITED ကို အဖွဲ့ဝင်များ၏ ဆန္ဒအလျောက် ကုမ္ပဏီဖျက်သိမ်းရန် နောက်ဆုံးအထွေထွေအစည်းအဝေးကို ကျင်းပသွားမည်ဖြစ်ကြောင်း ယမန်နေ့ (နိုဝင်ဘာ ၁၃ ရက်) ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါအစည်းအဝေးကို လူမွဲခံယူခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၂၁၁ (က) အရ လာမည့် ဒီဇင်ဘာ (၁၃) ရက်တွင် နံနက် (၁၁) နာရီခွဲတွင် အွန်လိုင်းအစည်းအဝေးအဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် ကုမ္ပဏီ၏ စာရင်းရှင်းတမ်းကိုတင်ပြခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ၏ စာရင်းရှင်းလင်းရေးအရာရှိအဖြစ် တရားရုံးချုပ်ရှေ့နေ ဦးရဲနု (U Ye Noos) က တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လူမွဲခံယူခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၂၁၁ (က)မှာ ကုမ္ပဏီ၏ကိစ္စရပ်များအား အပြည့်အဝ စာရင်းရှင်းလင်း ဖျက်သိမ်းပြီးသည်နှင့် တစ်ပြိုင်နက် စာရင်းလင်းဖျက်သိမ်းရေးအရာရှိသည် မည်သို့ဆောင်ရွက်ခဲ့သည် နှင့် ကုမ္ပဏီ၏ ပစ္စည်းကို မည်သို့အပြီးသတ်စီမံခန့်ခွဲခဲ့သည်ကို ဖော်ပြသည့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းစာရင်းကို ပြုစုပြီးနောက် ရှင်းလင်းတင်ပြရန် ကုမ္ပဏီ၏မြီရှင်များအစည်းအဝေး (သို့မဟုတ်) ကုမ္ပဏီတွင် ပါဝင်သူများ၏ ဆန္ဒ အလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းဖြစ်ပါက ကုမ္ပဏီတွင် ပါဝင်သူများ၏ အစည်းအဝေးကို ခေါ်ယူကျင်းပရမည်ဖြစ်သည်။

မူရင်းသတင်း — NP News